ကိုရိုနာဗိုင်းရပ်စ်ဟာ အမြဲတမ်းရှိနေလိမ့်မယ်လို့ ဗြိတိန်အစိုးရရဲ့ အရေးပေါ်အခြေအနေများဆိုင်ရာ သိပ္ပံအကြံပေးအဖွဲ့ Scientific Advisory Group for Emergencies (Sage) မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
ဒီဟာက ကျွန်တော်တို့နဲ့ အမြဲရှိနေမယ့် ဗိုင်းရပ်စ်တစ်မျိုးပါ
(ပါမောက္ခ ဆာမာ့ခ်ဝေါပို့တ်) (Photo: Robert Perry)
ဆာဘွဲ့ရ ပါမောက္ခမာ့ခ်ဝေါပို့တ်က လူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပုံမှန်ကာလရောက်တိုင်း ထိုးနှံဖို့လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကြောင့်ဖြစ်တဲ့ COVID-19 ကပ်ရောဂါဟာ စပိန်တုပ်ကွေး ဖြစ်ပွားခဲ့စဥ်ကဲ့သို့ ၂ နှစ်ကျော်အထိ မကြာမြင့်နိုင်ဘဲ ၂ နှစ်အတွင်း ပြီးဆုံးသွားမယ်လို့ မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောခဲ့ပြီးနောက် ဆာမာ့ခ်ရဲ့မှတ်ချက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
(Photo: AFP via Getty Images)
၁၉၁၈ ခုနှစ် စပိန်တုပ်ကွေး ဖြစ်ပွာခဲ့ချိန်က ကမ္ဘာ့လူဦးရေထက် လက်ရှိ ကမ္ဘာ့လူဦးရေက များစွာပိုမိုကြောင်းလည်း ၎င်းက ပြောခဲ့ပါတယ်။ ဆာမာ့ခ်က BBC Radio 4 ရဲ့ Today အစီအစဥ်ကို ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးရန် လိုအပ်မယ်လို့ ၎င်းက ဆိုပါတယ်။
သို့သော် ကိုရိုနာဗိုင်းရပ်စ်ဟာ ရေကျောက်ကဲ့သို့ ကာကွယ်ဆေးဖြင့် တိုက်ဖျက်နိုင်တာမျိုး မဟုတ်ကြောင်း ဆာမာ့ခ်က ရှင်းပြခဲ့ပါတယ်။ "ဒီဟာက ကျွန်တော်တို့နဲ့ အမြဲရှိနေမယ့် ဗိုင်းရပ်စ်တစ်မျိုးပါ၊ သေချာသလောက်ရှိတာကတော့ ကာကွယ်ဆေးကို ထပ်ထပ်ထိုးဖို့ လိုအပ်လိမ့်မယ်၊ တုပ်ကွေးနဲ့ နည်းနည်းတူတယ်၊ လူတွေ ပုံမှန်အချိန်ကာလမှာ ကာကွယ်ဆေးပြန်ထိုးဖို့ လိုအပ်လိမ့်မယ်" လို့ ဆာမာ့ခ်က ပြောပါတယ်။
(WHO အကြီးအကဲ Tedros) (Photo: Reuters)
ကိုရိုနာဗိုင်းရပ်စ်ဟာ ထိန်းချုပ်မရတဲ့ အခြေအနေ နောက်တစ်ကြိမ် ဖြစ်နိုင်ခြေရှိကြောင်းလည်း ၎င်းက သတိပေးခဲ့ပါတယ်။ သို့သော် ဗိုင်းရပ်စ်ထိန်းချုပ်ရေး ယေဘုယျအားဖြင့် lockdown လုပ်ခြင်းအစား ယခုအခါ ပိုမိုရွေးချယ်သတ်မှတ်ထားတဲ့ အစီအမံများကို အသုံးပြုနိုင်နေပြီလို့ ဆာမာ့ခ်က ပြောပါတယ်။
လတ်တလော သီတင်းပတ်များအတွင်း ဥရောပနိုင်ငံများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ မြင့်တက်နေခဲ့ပါတယ်။ ကနဦး ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်ရေးမှာ အောင်မြင်ခဲ့တဲ့ နိုင်ငံအချို့မှာလည်း ယခုအခါ ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်နေကြောင်း သိရပါတယ်။
သေချာသလောက်ရှိတာကတော့ ကာကွယ်ဆေးကို ထပ်ထပ်ထိုးဖို့ လိုအပ်လိမ့်မယ်
ဩဂုတ် ၂၂ ရက်နေ့အထိ အချက်အလက်တွေအရ ဗြိတိန်နိုင်ငံမှာ လူ ၁၀၀,၀၀၀ လျှင် COVID-19 ကူးစက်ခံရသူ ၂၁. ၅ ဦးနှုန်းဖြစ်ကြောင်း European Centre for Disease Prevention and Control က ဆိုပါတယ်။ ဗြိတိန်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃၂၄,၀၀၀ ကျော်၊ သေဆုံးသူ ၄၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာအရလည်း ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ လျော့ကျသွားတဲ့ လက္ခဏာမရှိသေးဘဲ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ ၂၃ သန်းကျော်၊ သေဆုံးသူ ၈၀၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁၅.၈ သန်းကျော်ရှိကြောင်း သိရပါတယ်။