လူပေါင်း သိန်းနဲ့ချီ တက်ရောက်နေကျ ဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းနည်းပညာနဲ့ ထုတ်ကုန်ပြပွဲကြီးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနှစ်မှာ အစီအစဉ်တစ်ချို့ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။
ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ ကျင်းပနေကျ ဘာစီလိုနာမြို့မှ MWC (Mobile World Congress) ပွဲမှာ နှစ်တိုင်းလိုလို နိုင်ငံပေါင်း ၂၀၀ နီးပါးက သိန်းနဲ့ ချီတဲ့ ဧည့်သည်တွေ ပုံမှန် တက်ရောက်ကြတာပါ။LG နဲ့ ZTE တို့ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစိုးရိမ်ချက်ကြောင့် ဒီနှစ် MWC ပွဲနဲ့ လွဲချော်မယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
Photo: Business Insider
LG ရဲ့ ထုတ်ပြန်ချက်မှာ ကုမ္ပဏီရဲ့ ဝန်ထမ်းနဲ့ မိတ်ဖက်များ ဖောက်သည်များ ကျန်းမာရေးကို ဦးစားပေးတဲ့ အနေနဲ့ MWC 2020 မှာ ဝင်ရောက်ပြသမှုကနေ နှုတ်ထွက်တာလို့ ဖော်ပြထားပါတယ်။ ZTE ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ MWC 2020 မတက်ဖြစ်တာဟာ ဗိုင်းရပ်စ်ကြောင့်အပြင် ခရီးသွားခွင့် ဗီဇာလျှောက်ထားမှု အခက်အခဲတွေကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
MWC ပွဲ ကြီးကြပ်တဲ့ GSMA အဖွဲ့အစည်းကတော့ ပွဲအတွင်း ဗိုင်းရပ်စ်ကူးစက်မှု လျော့ပါးစေဖို့ သန့်ရှင်းရေးနဲ့ ကူးစက်မှုဟန့်တားရေးအစီအစဉ်များ လုပ်ဆောင်ထားသလို လက်ဆွဲနှုတ်ဆက်မှု မလုပ်ရေး no-handshake policy မူတစ်ခုလည်း ချမှတ်ထားပါတယ်။
တစ်ခြား တရုတ် စမတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Xiaomi ၊ Vivo နဲ့ Honor တို့ကတော့ MWVC 2020 ပွဲ တက်ဖြစ်မယ့်အကြောင်း The Verge သတင်းက ဖော်ပြထားပါတယ်။ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီကြီး ဖြစ်တဲ့ Huawei ကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စိုးရိမ်ချက်ကြောင့် ရှန်းကျန့်မှာ ပြုလုပ်မယ့် Developer Conference ပွဲကို ပယ်ဖျက်ခဲ့ပေမယ့် MWC 2020 ပွဲကိုတော့ တက်ရောက်ဖြစ်မယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ ကနေ စတင်ကူးစက်ပြန့်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၅၆၀ ကျော် သေဆုံးမှု ဖြစ်ပွားပြီး ကူးစက်ခံရသူပေါင်း ၂၈၀၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်ကို ပျံ့နှံ့နေပါတယ်။