ပရီးမီးယားလိဂ်ကတော့ ဧပြီလ ၃ ရက်နေ့အထိ ဆိုင်းငံ့ထားခဲ့ပြီဖြစ်ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီကို ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ဥရောပရဲ့လိဂ်ပွဲစဉ်တော်တော်များများမှာ ရှုပ်ထွေးမှုတွေဖြစ်နေခဲ့ပြီး ဒီဗိုင်းရပ်စ်ရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာတော့ ကောင်းနေခဲ့ပါတယ်။ ပရိသတ်တွေကြားမှာလည်း ၀ိ၀ါဒကွဲပြားမှုတွေရှိနေပြီး ဒီဘောလုံးရာသီကို ဖျက်သိမ်းမှာလား၊ ချန်ပီယံအဖြစ် လီဗာပူးလ်ကို သတ်မှတ်ပေးမှာလား၊ တန်းဆင်းတန်းတက်အသင်းတွေကိုလည်း သတ်မှတ်ပိုင်းခြားပေးမှာလားဆိုတာ အားလုံးက သိချင်နေကြပါတယ်။ ဒီအတွက်ကြောင့် ပရီးမီးယားလိဂ်အနေနဲ့ ဘယ်လိုမျိုးရွေးချယ်စရာတွေရှိလာနိုင်မလဲ၊ ဘယ်လိုအကျိုးဆက်တွေဆက်ဖြစ်လာမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
၁။ ဒီရာသီရလဒ်တွေကို ပယ်ဖျက်မယ်
ဒါဆိုရင်တော့ ရှင်းပါတယ်။ ချန်ပီယံအသင်းလည်းမရှိသလို တန်းဆင်းရမယ့်အသင်းတွေလည်း ရှိမှာမဟုတ်တော့ပါဘူး။ စုစုပေါင်း ၂၉ ပွဲကစားပြီးခဲ့သမျှ ရလဒ်တွေကို ပယ်ဖျက်ပြီးတော့ အခြေအနေတည်ငြိမ်သွားချိန်မှာ ဘောလုံးရာသီသစ်တစ်ခုကို အစပြုနိုင်မှာပါ။ ဝက်စ်ဟမ်းအသင်းဒုဥက္ကဌကာရင်ဘရာဒီကတော့ ဖျက်သိမ်းဖို့အတွက် အဆိုပြုခဲ့ပါတယ်။ ဒီအပေါ်မှာ ဝေဖန်သံတွေရှိနေပြီး သူတို့အသင်းက တန်းဆင်းဇုန်အန္တရာယ်ရှိနေတာကြောင့်လို့ ပြန်လက်ညိုးထိုးလာကြပါတယ်။ အနစ်နာဆုံးဖြစ်မယ့်အသင်းကတော့ လီဗာပူးလ်ပါ။ သူတို့က ၂၅ မှတ်အထိ ဖြတ်တောက်ပြီးတော့ ဆုဖလားဆွတ်ခူးနိုင်ဖို့အတွက် သေချာသလောက်ဖြစ်နေတာပါ။ ဒီတော့ ရာသီတစ်ခုလုံးဖျက်သိမ်းမယ့်ရွေးချယ်မှုကိုတော့ လီဗာပူးလ်က အပြင်းအထန်ကန့်ကွက်မှာသေချာပါတယ်။ နောက်ထပ်ဖြစ်လာမှာက တန်းတက်ဖို့အတွက် ငွေကြေးအများအပြားသုံးစွဲပြီး ပြင်ဆင်လာခဲ့တဲ့ ချန်ပီယံရှစ်က လိဒ်ယူနိုက်တက်ရဲ့ အဖြစ်ပါ။ သူတို့က ချန်ပီယံရှစ်မှာ ဦးဆောင်နေတဲ့အသင်းဖြစ်ပြီး တန်းတက်မယ်ဆိုရင် ရရှိလာမယ့် ဝင်ငွေပေါင်သန်း ၁၀၀ ကျော်ကို ဆုံးရှုံးရတော့မှာပါ။ ပြီးတော့ ဥရောပဝင်ခွင့်ပြသနာတွေနဲ့ Nation League ကနေ Football Leage ကို ရောက်လာနိုင်မယ့် ဘာရိုးအသင်းတို့ရဲ့ အဖြစ်တွေကလည်း ရှိနေပါတယ်။ ဒီအတွက် ပရီးမီးယားလိဂ်က ရာသီရလဒ်တွေမဖျက်သိမ်းဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားနေတာက အံ့အားသင့်စရာတော့မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း ရုပ်သံထုတ်လွှင့်ကြေး ပေါင်သန်း ၇၀၀ လောက် ဆုံးရှုံးရမယ့်အဖြစ်က ရှိနေလို့ပါ။
၂။ ဗိုင်းရပ်စ်ကင်းစင်တဲ့အချိန်ထိ စောင့်ဆိုင်းမယ်
ဒါက ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်က လုပ်ချင်နေတဲ့ ပုံစံပါ။ တော်တော်များများရဲ့ ဆန္ဒလည်းဖြစ်ပြီး ဘယ်လိုတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။ လက်ကျန်ပွဲစဉ်တွေကို စကန်ပြီးတော့ ရလဒ်အတိုင်းဆုံးဖြတ်သွားရုံပါပဲ။ ဒီလိုလုပ်ဖို့ဆိုရင်တော့ ယူရိုပြိုင်ပွဲကို ရွှေ့ဆိုင်းရဖို့ ရှိနေပြီး လိဂ်တွေပြီးဆုံးမယ့်အချိန်အထိ စောင့်ဆိုင်းရတော့မှာပါ။ ဒီလိုမျိုးဆိုရင်လည်း နောက်ဆက်တွဲပြသနာတွေက အများကြီးရှိလာပါဦးမယ်။ ဘယ်အချိန်တွေမှာ စကန်ရမှာလဲ၊ ပြီးတော့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပြသနာ၊ ကျန်းမာရေးအခြေအနေတွေကလည်း သက်ရောက်မှုရှိနေဦးမှာပါ။ ဒါ့အပြင် ဇွန်လ ၃၀ ရက်နေ့အပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားတွေက ဝင်ကစားရမှာလား၊ အသင်းသစ်ရှာရမှာလား၊ အငှားလာကစားရတဲ့သူတွေကရော အသင်းဟောင်းကိုပြန်ရမှာလားဆိုတဲ့အချက်တွေရှိနေပါတယ်။ အရေးကြီးဆုံးအချက်က ဘယ်အချိန်မှာ ပြန်စနိုင်မှာလဲဆိုတာကို တိတိကျကျမသိရတာပါပဲ။
၃။ လီဗာပူးလ်ကို ချန်ပီယံဘွဲ့ပေးမယ်
လက်ရှိရပ်တည်မှုအတိုင်း ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ ချန်ပီယံက လီဗာပူးလ်ဖြစ်လာမှာပါ။ ထိုနည်းတူပဲ အမှတ်ပေးဇယားအောက်ဆုံးက အသင်းသုံးသင်းဖြစ်တဲ့ ဘုန်းမောက်၊ ဗီလာနဲ့ နော်ဝှစ်ချ်တို့ တန်းဆင်းရပါလိမ့်မယ်။ ဒါဆိုရင် ချန်ပီယံရှစ်က လိဒ် နဲ့ ဝက်ဘရွန်းစ်တို့ တနး်တက်လာမှာဖြစ်ပြီး အဆင့် ၃ကနေ အဆင့်၆ ရတဲ့အသင်းလေးသင်းက Play-off ကစားပြီး တန်းတက်ခွင့်ကို လုရမှာပါ။ လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆန်ကတော့ သူတို့အသင်းက ချန်ပီယံဖြစ်ဖို့ ထိုက်တန်နေပြီလို့ ဆိုပါတယ်။ ပရိသတ်တော်တော်များများကလည်း ဒီအပေါ်မှာ ထောက်ခံခဲ့ကြပါတယ်။ တန်းဆင်းဇုန်ထဲမှာတော့ အငြင်းပွားစရာအနည်းငယ်ရှိပါတယ်။ ဗီလာက လက်ကျန်တစ်ပွဲကစားရဖို့ ရှိနေသေးတာက စဉ်းစားစရာပါ။ ဒါပေမယ့်လည်း အဲဒီပွဲအတွက် သူတို့ကို ရမှတ်တစ်မှတ်ပေးလိုက်မယ်ဆိုရင်တောင်မှ တန်းဆင်းဇုန်အပေါ်ကို သူတို့တွေ ရောက်မှာတော့မဟုတ်ပါဘူး။ အခြားတစ်ဖက်မှာလည်း ပရီးမီးယားလိဂ်က သူတို့ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တဲ့အတွက် ဒီကလပ်အသင်းတွေရဲ့ စောဒကတက်မှုကို ရင်ဆိုင်ရဦးမှာပါ။
၄။ တန်းမဆင်းစေဘူး၊ ပရီးမီးယားလိဂ်အသင်းအရေအတွက်ကို တိုးချဲ့ပေးမယ်
လီဗာပူးလ်ကို ချန်ပီယံဘွဲ့ပေးဖို့က အခက်အခဲမရှိဘူးဆိုတာကို အပေါ်မှာ ပြောပြခဲ့ပြီးပါပြီ။ ဒါပေမယ့် တန်းဆင်းရမယ့်အသင်းတွေနဲ့ တန်းတက်အသင်းတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့က ပရီးမီးယားလိဂ်အတွက် ခေါင်းကိုက်ရဦးမှာပါ။ ဒါကြောင့် တန်းဆင်းရဖို့ အခြေအနေရှိနေတဲ့ အသင်းတွေကို တန်းမဆင်းစေဖို့ ဆုံးဖြတ်ပြီး တန်းတက်ရမယ့်အသင်းတွေကို ပရီးမီးယားလိဂ်မှာ ထည့်ပေါင်း၊ အသင်းအရေအတွက်ကို တိုးမြှင့်စေဖို့ဆိုတာကိုလည်း သူတို့ရွေးချယ်လို့ရပါတယ်။ ဒီနေရာမှာ သာဓကပြစရာက ပြီးခဲ့တဲ့ရာသီမှာ ချီလီထိပ်တန်းလိဂ်က အစိုးရဆန့်ကျင်သူတွေရဲ့ အကြမ်းဖက်မှုရန်ကနေ ကာကွယ်ဖို့အတွက် ရာသီကိုဖျက်သိမ်းခဲ့ရပါတယ်။ ယူနီဗာဆီဒက်အသင်းက ၁၃ မှတ်ဖြတ်ဦးဆေင်နေတဲ့အချိန်ဖြစ်ပြီး ချန်ပီယံအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တန်းဆင်းရမယ့်အသင်းတွေကိုတော့ တန်းမဆင်းစေခဲ့ဘဲ တန်းတက်အသင်းနှစ်သင်းကို ခေါ်ယူပေးခဲ့ကာ စုစုပေါင်း ၁၆ သင်းကနေ ၁၈ သင်းဖြစ်သွားခဲ့ပါတယ်။ ချီလီလိဂ်-၁၊ လိဂ်-၂ တွေမှာလည်း တန်းတက်အသင်းတွေကို ခေါ်ယူပေးခဲ့တာပါ။ ဒီအတွက် ပရီးမီးယားလိဂ်က လာမယ့်ရာသီမှာ အသင်းပေါင်း ၂၂သင်းဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင်လည်း ပြဿနာကို ဖြေရှင်းနိုင်မယ့် အဖြေတစ်ခုကို တွေ့ရှိမှာဖြစ်ပြီး အငြင်းပွားမှုလည်း နည်းပါးလာနိုင်ပါတယ်။
နောက်ဆုံးအချက်ကတော့ ပရီးမီးယားလိဂ်က သူတို့ရဲ့ ပြသနာကို သူတို့ကိုယ်တိုင်ရှင်းရမှာပါ။ အဓိကကတော့ ရုပ်သံထုတ်လွှင့်ကြေး၊ ကလပ်အသင်းဆုကြေးတွေကိစ္စပါ။ တကယ်လို့ ရာသီကုန်အောင်အထိ မကစားခဲ့ဘူးဆိုရင် ရုပ်သံထုတ်လွှင့်သူတွေနဲ့ သူတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ် အကျိုးသက်ရောက်မှုတွေရှိလာမှာပါ။ ဒီပြဿနာက ဘာဖြစ်လာနိုင်လဲဆိုတော့ ပွဲအကုန်လုံးမကစားခဲ့ဘူးဆိုရင် ပေါင်သန်း ၇၀၀ အထိ ပရီးမီးယားလိဂ်က နစ်နာမယ်ဆိုတာပါ။ ရုပ်သံထုတ်လွှင့်တဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေက တရားဝင်ချုပ်ဆိုထားတဲ့ အချက်အလက်အရ၊ ဥပဒေကြောင်းအရ အရေးဆိုတာမျိုးတွေ ရှိလာမှာမို့လို့ပါပဲ။ အချုပ်ဆိုရရင်တော့ ကိုရိုနာဗိုင်းရပ်စ်ပြဿနာဝင်မွှေနှောက်မှုက ဆက်စပ်ရာဆက်စပ်ကြောင်းမှန်သမျှကို တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးတော့ပါ ဒုက္ခပေးနေခဲ့တယ်ဆိုတာပါပဲ။