တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရိမ်ဆုံးက ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့နိုင်ငံတွေကို ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သွားနိုင်တဲ့ အလားအလာရှိတာကို ဖြစ်ပါတယ်
WHO က ထိုသို့ကြေညာမှုဟာ ကြုံတောင့်ကြုံခဲ အခြေအနေဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်စေမယ်လို့ သိရပါတယ်။ "အဓိက အကြောင်းပြချက်ကတော့ တရုတ်မှာတင် ဖြစ်နေတာမဟုတ်ဘဲ အခြားနိုင်ငံတွေမှာပါ ဖြစ်နေတာပါပဲ၊ ကျွန်တော်တို့ အစိုးရိမ်ဆုံးက ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့နိုင်ငံတွေကို ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သွားနိုင်တဲ့ အလားအလာရှိတာကို ဖြစ်ပါတယ်၊ တရုတ်ကို အယုံအကြည်မရှိတာ မဟုတ်ပါဘူး" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျနီဗာမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောခဲ့ပါတယ်။
(Photo: Reuters)
တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ လူ ၂၁၃ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်
WHO အကြီးအကဲဟာ ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့သွားရောက်ပြီး တရုတ်သမ္မတရှီကျင့်ဖျင် အပါအဝင် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုအပေါ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်နေမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာလိုက်ပေမဲ့ တရုတ်နိုင်ငံနဲ့ ခရီးသွားလာမှု သို့မဟုတ် ကုန်သွယ်မှုကို ကန့်သတ်ရန်မရှိကြောင်း WHO က ပြောပါတယ်။
"WHO အနေနဲ့ ခရီးသွားလာမှုနဲ့ ကုန်သွယ်မှုအပေါ် ကန့်သတ်မှုမှန်သမျှကို မထောက်ခံဘဲ အမှန်တစ်ကယ် ကန့်ကွက်ပါတယ်" လို့ Tedros Adhanom Ghebreyesus က ဆိုပါတယ်။ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးပြင်ပ နိုင်ငံနဲ့ နယ်မြေဒေသ ၂၅ ခုမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၁၄၇ ဦး စစ်ဆေးတွေ့ရှိထားပြီး သေဆုံးသူမရှိကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာတော့ ဗိုင်းရပ်စ်ကြောင့် ယနေ့ (ဇန်နဝါရီ ၃၁ ရက်) ညပိုင်းအထိ စာရင်းများအရ လူ ၂၁၃ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
(Photo: AFP)
ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ တရုတ်ပြင်ပမှာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်များကို ထိုင်း၊ ဂျာမနီ၊ ဂျပန်၊ ဗီယက်နမ်နဲ့ အမေရိကန် နိုင်ငံတွေမှာ စစ်ဆေးတွေ့ရှိထားပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရပြီး ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။
(Photo: AFP)
WHO က ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး အစောပိုင်းမှာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာသင့် မသင့် အစည်းအဝေးနှစ်ကြိမ် ပြုလုပ်ခဲ့သေးပေမဲ့ ထိုသို့ သတ်မှတ်ကြေညာရန် အချိန်စောနေသေးကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ယခုတစ်ကြိမ် အစည်းအဝေးမှာတော့ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာရန် WHO က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၉,၈၃၉ ဦး တွေ့ရှိရပါတယ်
ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနဲ့ ကူးစက်ပျံ့နှံ့မှုအခြေအနေ
ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ 2019-nCoV ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၉,၆၉၂ ဦး စစ်ဆေးအတည်ပြုထားပါတယ်။ ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၉,၈၃၈ ဦး တွေ့ရှိရပါတယ်။
(Photo: AFP)
တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ ထိုင်းမှာ ၁၉ ဦး၊ စင်ကာပူမှာ ၁၆ ဦး၊ ဂျပန်မှာ ၁၄ ဦး၊ ဟောင်ကောင်မှာ ၁၂ ဦး၊ တောင်ကိုရီးယားမှာ ၁၁ ဦး၊ ဩစတြေးလျမှာ ၉ ဦး၊ ထိုင်ဝမ်မှာ ၉ ဦး၊ မလေးရှားမှာ ၈ ဦး၊ မကာအိုမှာ ၇ ဦး၊ ပြင်သစ်မှာ ၆ ဦး၊ အမေရိကန်မှာ ၆ ဦး၊ ဂျာမနီမှာ ၅ ဦး၊ ဗီယက်နမ်မှာ ၅ ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၄ ဦး၊ ကနေဒါမှာ ၃ ဦး၊ အီတလီမှာ ၂ ဦး၊ ရုရှားမှာ ၂ ဦး၊ ဗြိတိန်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ အိန္ဒိယမှာ ၁ ဦး၊ ဖိလစ်ပိုင်မှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ ဆွီဒင်မှာ ၁ ဦး တွေ့ရှိရပါတယ်။
ယခင် ကြေညာခဲ့ဖူးတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေများ
- ဝက်တုပ်ကွေး (Swine flu)၊ ၂၀၀၉ ခုနှစ် - ကမ္ဘာတစ်ဝှမ်း H1N1 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့ပြီး လူ ၂၀၀,၀၀၀ ကျော် သေဆုံးခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာကာ နိုင်ငံတကာအသိုင်းအဝိုင်းက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ပိုမို သတိပြုစောင့်ကြည့်ရန် ဆောင်ရွက်ခဲ့ပါတယ်။
- ပိုလီယို (Polio)၊ ၂၀၁၄ ခုနှစ် - ၂၀၁၂ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်း ပိုလီယိုရောဂါကို အမြစ်ပြတ်ရန် အနီးစပ်ဆုံးဖြစ်ခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်မှာ ပိုလီယိုဖြစ်သူ အရေအတွက် မြင့်တက်လာခဲ့ပါတယ်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်မှာ WHO က ပိုလီယိုရောဂါကို အမြစ်ပြတ်တိုက်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
- ဇီကာ (Zika) ၂၀၁၆ ခုနှစ် - အမေရိကမှာ ဇီကာဗိုင်းရပ်စ် လျင်မြန်စွာ ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားလာပြီးနောက် WHO က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။ ဇီကာဗိုင်းရပ်စ် ရောဂါလက္ခဏာ အများအပြားဟာ အတန်အသင့် ပြင်းထန်နိုင်တာမျိုးသာဖြစ်ပေမဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို အန္တရာယ်ရှိနိုင်ပါတယ်။
- အီဘိုလာ (Ebola) ၂၀၁၄ နှင့် ၂၀၁၉ ခုနှစ် - လူသေဆုံးမှုတွေဖြစ်စေတဲ့ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကို နှစ်ကြိမ်တိုင် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ပထမအကြိမ်က အနောက်အာဖရိကမှာ ၂၀၁၄ ခုနှစ် ဩဂုတ်လမှ ၂၀၁၆ ခုနှစ် မတ်လအထိ လူ ၃၀,၀၀၀ မှာ အီဘိုလာကူးစက်ခံရပြီး လူ ၁၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒုတိယအကြိမ်အဖြစ် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ၂၀၁၈ ခုနှစ်မှစပြီး အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားခဲ့ရာ ၂၀၁၉ ခုနှစ်အတွင်း WHO က အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ အီဘိုလာကြောင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ လူ ၂,၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။