ကမ္ဘာ့စမတ်ဖုန်းရောင်းအားဟာ ၂၀၂၀ ဒုတိယသုံးလပတ်မှာ ၂၀.၄%ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
ဈေးကွက်သုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ Gartner ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပြီး ကမ္ဘာအရပ်ရပ်စမတ်ဖုန်းရောင်းအားဟာ ၂၉၅ သန်းအထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စမတ်ဖုန်းဈေးကွက်ရောင်းအားဟာ ထိုးကျလာတာ ဖြစ်ပါတယ်။
Photo: Tech Crunch
ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ ၅ ခုမှာ Samsung ဟာ ရောင်းအားအကျဆုံး ကုမ္ပဏီ ဖြစ်ခဲ့ပြီး ဒုတိယသုံးလပတ် စမတ်ဖုန်းရောင်းအားဟာ အလုံးရေ ၅၅ သန်း ဝန်းကျင်ပဲ ရှိတယ်လို့ ဆိုပါတယ်။ Samsung ရဲ့ ဒုတိယသုံးလပတ် စမတ်ဖုန်းရောင်းအားဟာ နှစ်အလိုက် ၂၇.၁% ကို ကျဆင်းသွားတာပါ။
"COVID-19 ကပ်ဘေးဟာ Samsung ရဲ့ ဒုတိယသုံးလပတ်စမတ်ဖုန်းရောင်းအားပေါ် ဆိုးဝါးတဲ့ သက်ရောက်မှု ဆက်လက်ဖြစ်နေဆဲပါပဲ။ " လို့ Gartner ရဲ့ အကြီးတန်း သုတေသန ညွှန်ကြားရေးမှူး အန်ရှူး ဂုပတားက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
Galaxy S series စမတ်ဖုန်းတွေရဲ့ ဝယ်လိုအားဟာ ကမ္ဘာအရပ်ရပ်မှာ အနည်းငယ်ပြန်တက်လာတယ်လို့ ဆိုပါတယ်။ ဈေးကွက်မှာတော့ Samsung ဟာ ဈေးကွက်ဝေစု ၁၈.၆% နှုန်းနဲ့ နံပါတ်တစ်နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီနေရာကို ရောက်လာတဲ့ Huawei ဟာ ဈေးကွက်ဝေစု ၁၈.၄% ရထားတာကြောင့် ထိပ်ဆုံးဖုန်းကုမ္ပဏီနဲ့ တန်းတူနီးပါး လိုက်နေတယ်လို့ ဆိုရမှာပါ။
Photo: Gartner
Gartner ရဲ့ အစီရင်ခံစာအရ Apple ရဲ့ စမတ်ဖုန်းရောင်းအားဟာ ၀.၄% ပဲ ကျဆင်းခဲ့ပြီး သိပ်ထူးထူးခြားခြား အတက်/အကျ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ တန်ဖိုးနည်း iPhone SE သစ် မိတ်ဆက်မှုကြောင့်လည်း Apple ရဲ့ iPhone ရောင်းအား တက်လာခဲ့တာပါ။
ဈေးကွက်အနေနဲ့ တရုတ်နိုင်ငံအတွင်း ဒုတိယသုံးလပတ်စမတ်ဖုန်းရောင်းအားဟာ ၇% ကျဆင်းခဲ့ပြီး Lockdown စီမံချက်တွေ လုပ်ခဲ့တဲ့ အိန္ဒိယမှာတော့ ၄၆% အထိ ကျဆင်းခဲ့ပါတယ်။