တရုတ်ကကုန်ကြမ်းဝယ်ယူရတဲ့အခက်အခဲကြောင့် စက်ရုံတွေကိုသာယာယီရပ်နားလိုက်ရရင်တော့ ပြည်တွင်းစက်ရုံက လုပ်သား(၅)သိန်းကျော်အတွက် အလုပ်အကိုင်အခက်အခဲတွေလည်းရှိလာနိုင်တယ်လို့ သိရပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ လုပ်ငန်းရှင်တွေထံကသိရပါတယ်။ လက်ရှိမှာလည်း မြန်မာနိုင်ငံကအထည်ချုပ်စက်ရုံတွေအနေနဲ့ တရုတ်နိုင်ငံကကုန်ကြမ်းဝယ်ယူဖို့ အခက်အခဲရှိနေတာကြောင့် စက်ရုံတွေ ယာယီရပ်နားရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က မီဒီယာတွေကိုပြောပါတယ်။
“ အခုကျွန်မတို့က လက်ကျန် ကျန်ရှိတဲ့ ကုန်ကြမ်းတွေနဲ့ လည်ပတ်နေရတဲ့အခြေအနေ။ လက်ကျန်ကုန်ကြမ်းကလည်း မတ်လ လဆန်းလောက်ဆိုကုန်ပြီ။ အလွန်ဆုံးဧပြီလကုန်လောက်ထိပဲ လည်ပတ်လို့ရမယ်။ ဒီကြားထဲမှာ ကုန်ကြမ်းသစ်ထပ်မှာမရဘဲ ဒီလိုသာလည်ပတ်နေရရင် ဘယ်လိုမှစက်ရုံတွေကဆက်ပြီးလည်ပတ်လို့မရဘူး။ အားလုံးသိတဲ့တိုင်း ကုန်ကြမ်းမရှိမှာတော့ ဘာမှလုပ်လို့မရဘူးလေ။ နောက်ဆုံးဘယ်လိုမှမတတ်နိုင်ရင်တော့ စက်ရုံတွေကို ယာယီရပ်နားရမယ့်သဘောပါပဲ”လို့ ဒေါ်ခိုင်ခိုင်နွယ်ကပြောပါတယ်။
လက်ရှိချုပ်ပြီးသားအထည်တွေကိုတော့ Export ပို့ရာမှာ အခက်အခဲမရှိပေမယ့် ကုန်ကြမ်းမရလို့ အော်ဒါထည်တွေကို ထပ်မချုပ်နိုင်တဲ့အခါမှာတော့ Export ပို့ရာမှာလည်း အခက်အခဲရှိလာနိုင်တယ်လို့ ဆိုပါတယ်။ အခုလို တရုတ်နိုင်ငံကနေကုန်ကြမ်းဝယ်ယူဖို့ အခက်အခဲရှိနေတာက မြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ဘဲ ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားအပါအဝင် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံတော်တော်များများက ဒီအခက်အခဲကိုကြုံတွေ့နေတာဖြစ်တယ်လို့ သိရပါတယ်။
စက်ရုံတွေသာ ယာယီရပ်နားရပါက ပြည်တွင်းအထည်ချုပ်စက်ရုံတွေက လုပ်သား(၅)သိန်းကျော်အတွက်လုပ်ခလစာတွေအတွက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတဲ့အတွက် ဒီကိစ္စကိုတော့ အစိုးရဘက်က ကူညီဖြေရှင်းပေးဖို့ လိုအပ်တယ်ဆိုပြီး လုပ်ငန်းရှင်တွေကြားမှာ သုံးသပ်ပြောဆိုမှုတွေလည်းရှိနေပါတယ်။