Sam Sam ကတော့ တောင်ကိုရီးယား-ထိုင်း ချစ်ကြည်ရေး ဖျော်ဖြေပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အဆိုတော် တစ်ယောက်အနေနဲ့ ပါဝင်သီဆိုဖျော်ဖြေရမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲမှာနိုင်ငံတကာက အဆိုတော်တွေလည်း ပါဝင်ပါတယ်တဲ့။
မိန်းကလေး ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းခံထားရတဲ့ အဆိုတော် Sam Sam ဟာ ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် The Mall Seoul Of Love ဆိုတဲ့ ဂီတဖျော်ဖြေပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အဆိုတော် တစ်ယောက်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့အကြောင်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။
“ ထိုင်းနိုင်ငံမှာ လုပ်မယ့် “The Mall Seoul Of Love” ဆိုတဲ့ ဖျော်ဖြေပွဲမှာ ကျွန်တော်က သွားရောက်ဖျော်ဖြေရမှာပါ။ ဒီပွဲမှာ KPop Band တွေလည်းပါတယ်၊ ထိုင်းနိုင်ငံက အနုပညာရှင်တွေလည်း ပါတယ်။ မြန်မာနိုင်ငံကဆိုရင်တော့ ကျွန်တော်တစ်ယောက်တည်းပါမယ်ခင်ဗျ။ အဲဒီလိုမျိုး နိုင်ငံတကာက အနုပညာရှင်တွေ စုပြီးတော့ လုပ်တဲ့ ပွဲလေးတစ်ပွဲပေါ့။ အခုလို ဖျော်ဖြေရမယ်လို့လည်း မတွေးထားပါဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ ဂီတသက်တမ်းကလည်း နုသေးတော့ စိတ်လှုပ်ရှားမှုအရမ်းဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။
The Mall Seoul Of Love ဖျော်ဖြေပွဲကြီးဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး ပြုလုပ်ကြတဲ့ ဖျော်ဖြေပွဲကြီးဖြစ်ပါတယ်။ ဒီပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမှာပါ။ ဒီပွဲမှာ Sam Sam က အကောင်းဆုံးကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“ ကျွန်တော်ကတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ထိုင်းနိုင်ငံရဲ့ စံတော်ချိန် ညနေ ၄ နာရီခွဲမှာ စပြီးတော့ ဖျော်ဖြေသွားမှာပါ။ ဖျော်ဖြေသွားမယ့် သီချင်းတွေကတော့ ကျွန်တော့်အခွေထဲက သီချင်းလေးတွေနဲ့ အကလေးတွေပါမယ်။ ဒီပွဲကို ကျင်းပတဲ့ PANO Industries ကလည်း ကျွန်တော့်ကို တစ်နှစ်လုံးအတွက် ၆ ပွဲ ကမ်းလှမ်းခဲ့တယ်။ ကျွန်တော်က ကျောင်းလည်းရှိသေးတဲ့အတွက် ၆ ပွဲစလုံးတော့ အဆင်ပြေမယ် မထင်ဘူး။ ဒါပေမယ့် အချိန်ရရင် ရသလို သူတို့ပွဲတွေကို တက်ဖြစ်မှာပါ” လို့ သူကပြောပါတယ်။
Sam Sam ကတော့ သူ့ရဲ့ ကြိုးစားမှုတွေကြောင့် အောင်မြင်တဲ့နေရာ တစ်နေရာကို ခြေလှမ်းနိုင်ပြီဖြစ်လို့ ပျော်နေတာပါ။ မန္တလေးမှာနေပြီး အနုပညာအလုပ်တွေ ကြိုးစားနေရတဲ့ သူ့အတွက်တော့ THE MALL SEOUL OF LOVE ဖျော်ဖြေပွဲကြီးဟာ ပထမဆုံး ပြည်ပ ဖျော်ဖြေရေးဖြစ်ခဲ့တယ်လို့သိရပါတယ်။
“ ကျွန်တော် ကြိုးစားတဲ့ကြိုးစားမှုတွေ အရာထင်လာတဲ့အတွက် ကျွန်တော်ပျော်တယ်။ ကျွန်တော့်ကို လားရှိုးမှာ မွေးတယ်၊ မန္တလေးမှာကြီးတယ်ပေါ့နော်။ ပြီးတော့ ရန်ကုန်က အနုပညာအလုပ်တွေနဲ့လည်း ကျွန်တော်တို့က အလှမ်းဝေးပါတယ်။ ဒါပေမယ့် အခုလို အဆိုတော် တစ်ယောက်အနေနဲ့ ကမ်းလှမ်းခံရတဲ့အတွက် တော်တော်ကို ပျော်ပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ဖြေဆိုခဲ့တာပါ။
Sam Sam ရဲ့ နာမည်အရင်းကတော့ စစ်ပိုင်ထက် ဖြစ်ပါတယ်။ သူဟာ မန္တလေးမှာ ရှိတဲ့ Ayeyarwaddy International School တွင် Grade 12 မှာ ပညာသင်ယူလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျောင်းပြီးသွားရင်လည်း အမေရိကမှာ ကောလိပ်သွားတတ်ရမှာ ဖြစ်တာကြောင့် အနုပညာနဲ့ ပတ်သက်ပြီး အချိန်ရတုန်း ပရိသတ်တွေအတွက် ဖန်တီးချင်တဲ့အကြောင်းကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။