ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အများဆုံးဖြစ်နေတဲ့ ဒယ်ဂူးမြို့မှာ မြန်မာနိုင်ငံသား(၃၅၀၀)ခန့်ရှိပြီး လက်ရှိအချိန်ထိ ဖျားနာသူမရှိသေးဘူးလို့သိရပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကိုရီးယားသံရုံးကို ဆက်သွယ်ပြီးရောဂါဖြစ်ပွားမှုအခြေအနေကို စုံစမ်းခဲ့ရာမှာ အခုလိုသိရှိခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိတောင်ကိုရီးယားနိုင်ငံမှာ ဒီကနေ့ ဖေဖော်ဝါရီလ(၂၆)ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူက (၁၂၆၁)ယောက်ရှိကာ သေဆုံးသူ (၁၂)ယောက်ထိရှိပြီလို့သိရပါတယ်။
photo- AP
တောင်ကိုရီးယားနိုင်ငံမှာ ရောဂါဖြစ်ပွားမှု မြင့်တက်လာတာနဲ့အမျှ နေ့စဉ်ပျံသန်းနေတဲ့ မြန်မာ- ကိုရီးယားလေကြောင်းလိုင်းတွေကိုလည်း အခုအခါမှာတော့ တစ်ပတ်ကို (၄)ကြိမ်အထိသာ ပျံသန်းဖို့ အတွက်စီစဉ်နေတယ်လို့လည်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ က ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနပေါင်းစုံ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုများနေတဲ့ နိုင်ငံတွေမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို လည်းကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရေးအတွက် သက်ဆိုင်ရာသံရုံးများဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးဖို့လိုတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းကပြောပါတယ်။
ဒါ့အပြင် ရောဂါဖြစ်ပွားမှုများနေတဲ့ နိုင်ငံတွေမှာ ဝန်ကြီးဌာန အသီးသီးက ပညာသင်သွားရောက်နေတဲ့ ကျောင်းသားတွေကိုလည်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို ပြန်လာနိုင်ေအာင် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသား(၁၀၀၀)ကျော်ကိုလည်း မြန်မာနိုင်ငံကို ပြန်လည်လာနိုင်ရန် သံရုံးနဲ့ဆက်သွယ်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။