အခုဆို ကြော်ငြာရိုက်ကူးရေးတွေလုပ်နေရပါပြီတဲ့။

ဟန်တီကတော့ ကိုရီးယားနိုင်ငံမှာ ကြော်ငြာရိုက်ကူးနေရပြီလို့ မိခင်ဖြစ်တဲ့ ဒေါ်တင်တင်အောင်ကပြောပါတယ်။ ဟန်တီ့ကို ကိုရီးယားရုပ်သံလိုင်း တော်တော်များများက လာရောက်ကမ်းလှမ်းထားတာတွေရှိတယ်လို့ သိရပါတယ်။ 

Photo: Han Thi

ပရိသတ်အချစ်တော် အလှမယ်လေး ဟန်တီကတော့ တောင်ကိုရီးယားနိုင်ငံမှာ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ စတင်နေပြီလို့ သိရပါတယ်။ အခုလည်း ကိုရီးယားနိုင်ငံထုတ် အလှကုန်ပစ္စည်းအတွက် ကြော်ငြာသွားရိုက်နေပြီလို့ မိခင်ဖြစ်သူ ဒေါ်တင်တင်အောင်က Duwun Media ကို ပြောပြလာပါတယ်။

‘’ ကြော်ငြာရိုက်မှာကတော့ ဟန်တီတစ်ယောက်တည်းပါပဲ။ အလှကုန်ဆိုတော့ Vloge လေးပဲ။ Instagram အတွက်ဆိုတော့ ပေါ့ပေါ့ပါးပါးလေးပါပဲ။ ကိုရီးယားအလှကုန်တစ်ခုပေါ့။ အခုရိုက်နေပြီ ကြော်ငြာသဘောမျိုးပါပဲ။ ကိုရီးယားပြည်တွင်းဖြစ်ပေါ့နော်။ အဲဒီအမျိုးသမီးက ဟန်တီ့ကို တွေ့ပြီးသဘောကျပြီးတော့ ကမ်းလှမ်းလာတာပါ။ ဒါ သူ့ရဲ့ ပထမဆုံးလို့ပြောလို့ရတာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: A Linn Young

ဟန်တီဟာ Asia Model Festival 2019 ပွဲကနေတဆင့် တောင်ကိုရီးယား ပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။ သူမဟာ မြန်မာလူမျိုးတစ်ယောက်ဆိုပေမယ့် ကိုရီးယားစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တာကြောင့်လည်း ပရိသတ်တွေက ပိုပြီး စိတ်ဝင်တစားရှိခဲ့ကြတာပါ။

‘’ တခြား Channel တွေ၊ ရုပ်သံတွေကလည်း လာကမ်းလှမ်းတာရှိတယ်။ ဒါပေမယ့် ပြဿနာက သူများနိုင်ငံတွေမှာ Agency ရှိတယ်လေ။ ဒီမှာဆိုရင် ဟန်တီကလည်း စာချုပ်မချုပ်ထားတော့ Agency မရှိဖြစ်နေတာပေါ့နော်။ ကိုရီးယားက နာမည်ကြီး Channel တစ်ခုက လာကမ်းလှမ်းထားတာရှိတယ်။ သူ့မှာ Agency မရှိတော့ သူတို့က အာမခံချက်မရှိဘူးလိုဖြစ်နေတာပေါ့နော်။ အဲဒါလေးတော့ မရိုက်ဖြစ်ဘူး ဖြစ်နေတာပေါ့။ နောက်အခွင့်အရေးတော့ရှိလာဦးမလားပေါ့နော်။ ပြောချင်တာက ဟန်တီ့ကို အာမခံပေးမယ့်လူ မရှိတာပေါ့နော်။ အလုပ်အသေးလေးတွေကတော့ အဆင်ပြေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Han Thi

တောင်ကိုရီးယားနိုင်ငံမှာ ကြော်ငြာရိုက်ဖို့ ဟန်တီ့ကို စတင်ကမ်းလှမ်းခဲ့ချိန်မှာတော့ တစ်မိသားစုလုံး အရမ်းကို ပျော်ခဲ့ရတယ်လို့ ဒေါ်တင်တင်အောင်က ပြောပါတယ်။ ဒါကြောင့် သမီးလေးအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေပါတယ်တဲ့။

‘’ ဟန်တီ့အတွက် မိသားစု တစ်စုလုံးက ဝမ်းသာတာပေါ့နော်။ မြန်မာပြည်မှာကျတော့ တိုးလို့မလွယ်ဘူးလေ နော့။ ပြီးတော့ အခုချိန်မှာ ဟန်တီက ကိုရီးယားစကားကို မကျွမ်းကျင်သေးတဲ့အတွက် ဆက်ပြီးတော့သင်နေတယ်။ ကိုရီးယားစကားကို ထပ်ပြီးတော့ ကျွမ်းကျွမ်းကျင်ကျင်တတ်သွားရင်တော့ ပိုပြီးအဆင်ပြေလိမ့်မယ်လို့ထင်တယ်။ သူတို့ ကမ်းလှမ်းတဲ့ Program တွေက ကိုရီးယားမှာ ခရီးသွားလာရေး ပုံစံမျိုးလားမသိဘူး။ ဟန်တီက မြန်မာပြည်ကလူဆိုတော့ မြန်မာပြည်မှာ ပိုပေါက်ချင်တာပေါ့နော်။ အခွင့်အရေး တစ်ခုက သေးသေးလေးဖြစ်ဖြစ်၊ အကြီးကြီးဖြစ်ဖြစ် ပေါ်လာပြီဆိုရင် ဟန်တီ့အတွက် တစ်မိသားစုလုံး ပျော်ကြတာပေါ့နော်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Kaung Album

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Model Festival 2019 ပွဲကြီးမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ်သာမက Asia Star Award ဆုကိုပါ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က