ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတစ်ဦး လုပ်ငန်းခွင်အတွင်း ထိခိုက်မှုဖြစ်ပွားပြီး သေဆုံးခဲ့ရတယ်လို့ ကိုရီးယားက မြန်မာအလုပ်သမားသံအရာရှိရုံးမှသတင်းထုတ်ပြန်ပါတယ်။
ကိုရီးယားနိုင်ငံတောင်ပိုင်းမှာတည်ဆောက်နေတဲ့ ပင်လယ်ရေအောက် ဉမင်လှိုဏ်ခေါင်းအတွင်း အသုံးပြုတဲ့ ဓာတ်ရထားကို မောင်းနှင်ရသူ မြန်မာလုပ်သား ကိုနိုင်မျိုးဦးဆိုသူဟာ သူမောင်းနှင်တဲ့ ရထားပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့ရတယ်လို့ သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
Photo- Myanmar Labour Attache Korea
အသက် ၃၅ နှစ်အရွယ် မြန်မာလုပ်သား ကိုနိုင်မျိုးဦးဟာ မနေ့က ဇွန်လ ၁၀ ရက် ည ၁၀ နာရီခွဲအချိန် က ညဆိုင်းအလုပ်လုပ်ကိုင်နေစဉ် ရထားပေါ်က ပြုတ်ကျပြီး နောက်တွဲနှစ်တွဲကြားညပ်ကာ သံလမ်းတစ်လျှောက် မီတာ ၁၀၀၀ လောက်အထိ ညပ်ပါသွားပြီး သေဆုံးသွားခဲ့ရတာပါ။
လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းစစ်ဆေးနေပြီး ရုပ်အလောင်းကို ကျန်ရစ်သူမိသားစုဝင်တွေရဲ့ ဆန္ဒအရ ဇွန်လ ၆ ရက်နေ့မှာ Yeosu မြို့၊ သုဿန်မှာ သင်္ဂြိုဟ်ပေးမယ်လို့ သံရုံးကဖော်ပြပါတယ်။
Photo- Myanmar Labour Attache Korea
လက်ရှိကိုဗစ်ကာလမှာ သေဆုံးသူရဲ့ မိသားစုဝင်တွေ ကိုရီးယားနိုင်ငံကို လာရောက်ဖို့ အခက်အခဲတွေရှိနေတာကြောင့် ကိုရီးယားနိုင်ငံ မြန်မာ အလုပ်သမားသံအရာရှိအနေနဲ့ မိသားစုစင်တွေကိုယ်စား နာရေးကိစ္စနဲ့ ဥပဒေပါရပိုင်ခွင့်တွေ ရရှိရေး ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
သေဆုံးသူဟာ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကြာဘက်ကုန်းကျေးရွာ ဇာတိ ဖြစ်ပြီး ကိုရီးယားနိုင်ငံက AJU GEOTECH ဆောက်လုပ်ရေးကုမ္ပဏီမှာ ဆောက်လုပ်ရေးအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်ပါတယ်။