အိန္ဒိယတောင်ပိုင်းနဲ့ မြောက်ပိုင်း သက်သတ်လွတ် အစားအစာတွေ စားသုံးနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ဟိန္ဒူဘာသာရေးဆရာတစ်ဦးရဲ့ ဆာလောင်မွတ်သိပ်ခြင်းမရှိတဲ့ ကမ္ဘာကြီးဆိုတဲ့ စိတ်ကူးကနေ အစပြုပြီး ပေါ်ပေါက်လာခဲ့တဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။

(Photo: CNA/MediaCorp)

သူက ဒီလို စိတ်ကူးရပြီးနောက်မှတော့ာ လာရောက်စားသုံးသူတွေအတွက် "ကြိုက်သလောက်စား ပေးချင်သလောက်ပေး" လို့ရတဲ့ သက်သတ်လွတ် စားသောက်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ "ကြိုက်သလောက်စား ပေးချင်သလောက်ပေး" လို့ရတဲ့ စားသောက်ဆိုင်ကို ၁၉၈၅ ခုနှစ်မှာ ဆွာမိရှန်တာနန်ဒ်ဆာရာဆွာသီက စတင်မိတ်ဆက်ခဲ့ပါတယ်။



ဆွာမိကြီး ရှန်တာနန်ဒ် စတင်ဖွင့်လှစ်ခဲ့တဲ့ အန်နာလက်ရှ်မီး သက်သတ်လွတ်စားသောက်ဆိုင်ကို လူအများအပြားက လာရောက်စားသုံးခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့စွန်ရှိ ဘန်ဂ်ဆာမြို့မှာ စားသောက်ဆိုင်ကို ဆက်လက် ဖွင့်လှစ်ခဲ့ပါတယ်။

(Photo: CNA/MediaCorp)

ဆွာမိရှန်တာနန်ဒ်က အိန္ဒိယနိုင်ငံ ရစ်ဟီက်ကက်ရှ်မြို့က‌နေ မလေးရှားနိုင်ငံကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ သက်သတ်လွတ်စားသောက်ဆိုင်မှာ အိန္ဒိယတောင်ပိုင်းနဲ့ မြောက်ပိုင်း သက်သတ်လွတ် အစားအစာတွေ စားသုံးနိုင်ပြီး အားလုံးကို စေတနာ့ဝန်ထမ်းတွေက ချက်ပြုတ်ပေးကြပါတယ်။

အဆိုပါ စေတနာ့ဝန်ထမ်းတွေဟာ ဆွာမိကြီးရဲနောက်လိုက်တွေလည်း ဖြစ်ပါတယ်။ သက်သတ်လွတ်စားသောက်ဆိုင်မှာ စားသောက်ဖွယ်ရာအားလုံးကို အချက်အပြုတ် ပင်ကိုအစွမ်းအစအရ ကျွမ်းကျင်တဲ့ အဒေါ်တွေနဲ့ အဘွားတွေ စီမံချက်ပြုတ်ကြတယ်လို့ စားသောက်ဆိုင် အကြီးတန်းမန်နေဂျာ မိုဟန်နာရာယာနန်က CNA သတင်းဌာနကို ပြောပါတယ်။

(Photo: CNA/MediaCorp)

"ပရော်ဖက်ရှင်နယ်တွေ မရှိဘူး၊ စားဖိုးမှူးတွေ မရှိဘူး၊ ချက်နည်းပြုတ်နည်းစာအုပ်တွေလည်း မရှိဘူး၊ တခြား သက်သတ်လွတ်စားသောက်ဆိုင်အားလုံးနဲ့ ကွဲပြားနေတာက ဒီမှာ အစားအစာချက်ပြုတ်တဲ့အခါ ကျွန်တော်တို့က မေတ္တာတရားထည့်ပြီး ချက်ကြတယ်လေ" လို့ သူက ဂုဏ်ယူစွာဖြင့် ဆိုပါတယ်။

"ကြိုက်သလောက်စား ပေးချင်သလောက်ပေး" လို့ရတဲ့ အန်နာလက်ရှ်မီး သက်သတ်လွတ်စားသောက်ဆိုင်မှာ ဒီစိတ်ကူးကို စတင်အကောင်အထည်ဖော်ခဲ့တဲ့ ကွယ်လွန်သူ ဆွာမိကြီး ရှန်တာနန်ဒ်ရဲ့ ဓာတ်ပုံတွေ ချိတ်ဆွဲထားတာကိုလည်း တွေ့နိုင်ပါတယ်။ ဆွာမိကြီးဟာ ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

(Photo: CNA/MediaCorp)

အန်နာလက်ရှ်မီး စားသောက်ဆိုင်တွေမှာ အိမ်ချက်ပုံစံ အိန္ဒိယအစားအစာတွေကို စားသုံးနိုင်ပြီး အဆင်ပြေသလောက် ငွေပေးချေနိုင်ပါတယ်။ လူမှုအသိုင်းအဝိုင်းအတွက် ကောင်းမွန်တဲ့ဝန်ဆောင်မှုပုံစံဖြင့် ကူညီပေးနေတဲ့ စားသောက်ဆိုင်တွေ ဖြစ်ပေမဲ့လည်း စိန်ခေါ်မှုတွေလည်း ရှိတယ်လို့ဆိုပါတယ်။

လူမှုအသိုင်းအဝိုင်းကို အကျိုးပြုမှုအဖြစ် အားထုတ်လုပ်ဆောင်ကြပေမဲ့ စားသုံးသူအချို့က အစားအစာကို တန်ဖိုးမထားဘဲ အလွဲသုံးစားပြုတဲ့ ဖြစ်ရပ်တွေလည်းရှိကြောင်း သက်သတ်လွတ်စားသောက်ဆိုင်ရဲ့ စေတနာ့ဝန်ထမ်းတွေက ဖွင့်ဟကြပါတယ်။ "ကြိုက်သလောက်စား ပေးချင်သလောက်ပေး" လို့ရတဲ့ အန်နာလက်ရှ်မီး သက်သတ်လွတ်စားသောက်ဆိုင်က စင်ကာပူ၊ ချင်နိုင်း၊ ပီနန်၊ ဂျိုဟာဘာရူးနဲ့ ပါ့သ်မြို့တို့မှာ ဆိုင်ခွဲများ ဖွင့်လှစ်ထားကြောင်း သိရပါတယ်။



Share

Loading Next Article...
က္က