ဒီကနေ့ တရားလွှတ်တော်ချုပ်ရုံးက အယူခံကိုပယ်ချခဲ့တာပါ။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုမှာ တရားခံ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ပြစ်ဒဏ်တိုးမြှင့်ချမှတ်ပေးဖို့ တရားလိုရှေ့နေတွေက အယူခံဝင်ခဲ့ရာ ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၁၀)ရက်နေ့မှာ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ချခဲ့တာလည်းဖြစ်ပါတယ်။

“ ဒီလို နိုင်ငံတကာလေဆိပ်မှာ၊ ပြည်ပက လုပ်ငန်းရှင်တွေဝင်ထွက်သွားလာနေတဲ့နေရာမျိုးမှာ ဒီလိုဖြစ်ရပ်ဆိုးကို ကျူးလွန်တဲ့သူတွေပေါ်မှာ အခုလိုပြစ်ဒဏ်တွေကိုပေါ့ပေါ့တန်တန်ချနေရင် နောက်ထပ်ဒါမျိုးတွေဖြစ်လာမှာကိုစိုးရိမ်တယ်” လို့ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။

ဦးကိုနီဟာ ၂၀၁၇ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကပြန်အလာ ရန်ကုန်လေဆိပ်မှာလုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

ဦးကိုနီလုပ်ကြံခံရမှုမှာပါဝင်ပတ်သတ်နေတဲ့ တရားခံ အောင်ဝင်းထွန်းကို ထောင်ဒဏ်(၃)နှစ်နဲ့ ဇေယျာဖြိုးကို ထောင်ဒဏ်(၅)နှစ် အသီးသီးချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး တရားလိုရှေ့နေတွေဘက် ပြစ်ဒဏ်တိုးမြှင့်ချမှတ်ပေးရန် အယူခံဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလျှောက်ထားချက်ကို တရားလွှတ်တော်ရုံးချုပ်ကပယ်ချလိုက်ပေမယ့် တရားလိုရှေ့နေတွေဘက်က နောက်ထပ်အထူးအယူခံကိုဆက်တင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

“ အထူးအယူခံဆက်တက်ကြမယ်။ အားလုံးကတော့လမ်းဆုံးထိသွားကြမှာ။ ဘာလို့လဲဆိုတော့ ဦးကိုနီရဲ့ လုပ်ကြံသတ်ဖြတ်ခံရတာက (၃)နှစ်ရှိပြီ။ ဒီ(၃)နှစ်အတွင်းစစ်ဆေးရတဲ့သက်သေပေါင်း(၈၀)ကျော်ထိစစ်ဆေးထားတဲ့အပိုင်းမှာ အမှုကြန့်ကြာတယ်လို့ပြောလို့မရဘူး။ ကိုယ်တိုင်လည်းတရားခံတွေကိုမေးခဲ့တာဆိုတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်က အမှန်ဆို နှစ်ကြိုးတောင်ကျရမှာ” လို့ တရားလိုရှေ့ဦးနေလကမီဒီယာတွေကိုပြောပါတယ်။

ဒီအမှုမှာ ဦးကိုနီကို သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဦးကြည်လင်းနဲ့ လုပ်ကြံရန် စေခိုင်းခဲ့တဲ့ အောင်ဝင်းဇော်တို့ကိုတော့ မသေမချင်းကြိုးကွင်းစွပ် သတ်ရန်အမိန့်ချမှတ်ခဲ့ပြီး အဓိကတရားခံဖြစ်သူလို့ယူဆထားတဲ့ တရားခံအောင်ဝင်းခိုင်ကတော့ လက်ရှိအချိန်ထိလွတ်မြောက်နေဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က