ကုလသမဂ္ဂထံ ပေးစာတစ်စောင်မှာ ပြောကြားထားပါတယ်။

အမေရိကန်က ကြိုတင်သတ်မှတ်ချက်တွေမထားဘဲ အီရန်နဲ့ အလေးအနက် ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိကြောင်း ပြောကြားလိုက်ပါတယ်။

(အမေရိကန်က သတ်လိုက်သည့် ဗိုလ်ချုပ်ကြီးဆိုလီမန်နီ) (Photo: Reuters)

နှစ်နိုင်ငံကြား စစ်မက်ဖြစ်ပွားနိုင်မှုကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်က ကုလသမဂ္ဂထံ ပေးစာတစ်စောင်မှာ ထိုသို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အီရန်ဗိုလ်ချုပ်ကြီး ကွာဆမ်ဆိုလီမန်နီကို တိုက်ခိုက်သုတ်သင်ရန် ဆုံးဖြတ်ချက်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုဖြစ်ကြောင်းလည်း ကုလသမဂ္ဂထံပေးစာမှာ အမေရိကန်က ပြောထားပါတယ်။



ဗိုလ်ချုပ်ကြီးဆိုလီမန်နီ အသတ်ခံရပြီးနောက် အီရန်က အိမ်နီးချင်း အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ လက်တုံ့ပြန်ခဲ့ပါတယ်။ အီရန်ကလည်း ထိုတိုက်ခိုက်မှုဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုလုပ်ရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂကို ပြောခဲ့ပါတယ်။

(အီရန်ဒုံးကျည်အပျက်အစီးတစ်ခု) (Photo: Anadolu Agency via Getty Images)

အမေရိကန်တပ်ဖွဲ့က သမ္မထဒေါ်နယ်ထရန့်ရဲ့ တိုက်ရိုက်အမိန့်အရ ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းအချိန်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အီရန်စစ်တပ်ရဲ့ အရေးပါတဲ့ ဗိုလ်ချုပ်ကြီးဆိုလီမန်နီကို ဒရုန်းဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။

အီရန်ကလည်း လက်တုံ့ပြန်မှုအဖြစ် ဒေသစံတော်ချိန် ဇန်နဝါရီ ၈ ရက်နေ့ မနက်အစောပိုင်းမှာ အီရတ်နိုင်ငံ Erbil နဲ့ Al-Asad ရှိ အမေရိကန်စစ်စခန်းနှစ်ခုကို ဒုံးကျည် ၂၂ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အီရန်တိုက်ခိုက်မှုအတွင်း အမေရိကန် သို့မဟုတ် အီရတ် တပ်ဖွဲ့ဝင်များ သေဆုံးမှုမရှိခဲ့ကြောင်းနဲ့ စစ်စခန်းတွေ ထိခိုက်ပျက်စီး အနည်းအကျဥ်းသာဖြစ်ခဲ့ကြောင်း သမ္မတထရန့်က ပြောပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AFP via Getty Images)

အီရန်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထရန့်က မိန့်ခန်းတစ်ရပ်ပြောခဲ့စဥ် ထိုတိုက်ခိုက်မှုအတွက် အီရန်အပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်သွားမှာဖြစ်ပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ပေးမှာ မဟုတ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားပါတယ်။ အီရန်ဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းလိုက်ပုံရကြောင်းနဲ့ အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေးလိုလားသူ အားလုံးနဲ့အတူ ငြိမ်းချမ်းရေးအတွက် အသင့်ရှိကြောင်း ထရန့်ကဆိုပါတယ်။

သမ္မတထရန့်ရဲ့ မိန့်ခွန်းဟာ အမေရိကန်က အီရန်နဲ့ စစ်ရေးပဋိပက္ခ ဆက်မဖြစ်လိုတဲ့သဘောကို ထင်ဟပ်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ အမေရိကန်က အီရန်ဗိုလ်ချုပ်ကြီးကို သတ်လိုက်ပြီးနောက် အီရန်ကလည်း အမေရိကန် စစ်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရာ နှစ်နိုင်ငံကြား စစ်မက်ဖြစ်ပွားလာနိုင်မှုအပေါ် ကမ္ဘာတစ်ဝှမ်းက စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေခဲ့ကြပါတယ်။

(အီရန်ခေါင်းဆောင်ကြီး ခါမေနီ) (Photo: Iranian Supreme Leader's website/AFP)

အမေရိကန်က သတ်လိုက်တဲ့ ဗိုလ်ချုပ်ကြီးဆိုလီမန်နီဟာ အီရန်ခေါင်းဆောင်ကြီး ခါမေနီးပြီးလျှင် နိုင်ငံမှာ ဒုတိယမြောက် ဩဇာအကြီးမားဆုံးပုဂ္ဂိုလ်အဖြစ် ရှုမြင်ထားကြပါတယ်။ ဗိုလ်ချုပ်ကြီး ဆိုလီမန်နီဟာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့အကြီးအကဲလည်း ဖြစ်ပါတယ်။ ၎င်းရဲ့ ဈာပနအခမ်းအနားကို ဇန်နဝါရီ ၇ ရက်နေ့က ကာမန်မြို့မှာ ပြုလုပ်ခဲ့ပြီး ထောင်ပေါင်းများစွာ စုဝေးတက်ရောက်ခဲ့ကြရာမှာ လူအုပ်လဲပြိုမှုကြောင့် ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်ဘက်ကတော့ ဆိုလီမန်နီကို အကြမ်းဖက်သမားတစ်ဦးအဖြစ်နဲ့ အမေရိကန်တပ်ဖွဲ့တွေကို ခြိမ်းခြောက်အန္တရာယ်ပေးနိုင်သူလို့ ရှုမြင်ထားပါတယ်။ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးကို အီရန်လိုလားတဲ့ လူအုပ်စုက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးနောက် သမ္မတထရန့်က အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီကိုသတ်ရန် အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီက အမေရိကန်ကို တိုက်ခိုက်မှုကြီးတစ်ခု လုပ်ဆောင်ရန် စီစဥ်နေခဲ့တယ်လို့လည်း ထရန့်ကပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က