အာဆင်နယ်အသင်းမှာ အိုလ်ဇေးနဲ့ အမ်ခီတာယန်းပြန်ကောင်းလာပြီးနောက် ပွဲထွက်ခွင့်အတွက် အချိန်တစ်ခု စောင့်ဖို့လိုတယ်လို့ ဆွာရက်ဇ်က ဝန်ခံပြောသွားတာပါ။
အာဆင်နယ်အသင်းမှာ ပထမဦးစားပေးနေရာရဖို့ လိုသေးတယ်လို့ ဒင်းနစ်ဆွာရက်ဇ်က ဝန်ခံပြောကြားခဲ့တယ်လို့ Metro သတင်းဌာနက ဖော်ပြထားပါတယ်။ ဒင်းနစ်ဆွာရက်ဇ်ဟာ ဒီနှစ် အဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ဘာစီလိုနာအသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် အသင်းနဲ့ ပွဲထွက်ခွင့်မရသေးပဲ ဖြစ်နေတာပါ။
အသင်းမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ အိုလ်ဇေး၊ အမ်ခီတာယန်းတို့ ကြောင့် ပုံမှန်ပွဲ ထွက်ခွင့်တောင် မသေချာဖြစ်သွားခဲ့တာပါ။ ဒါကြောင့် လက်ရှိမှာ အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့ဆိုရင် အချိန်တစ်ခုတော့ စောင့်ဖို့လိုပြီလို့ ဆွာရက်ဇ်က ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော့်ရည်မှန်းချက်က ဒီမှာအောင်မြင်ဖို့ပါ၊ ကလပ်ရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ချင်ပါတယ်၊ အသင်းနဲ့ပူးပေါင်းစဉ်ကတည်းက အကောင်းဆုံး ကစားခွင့်ရပါတယ်၊အဓိက ကစားသမားဖြစ်ချင်ရင်တော့ စိတ်ခံစားမှုက အရေးကြီးပါတယ်။ အခုတော့ ကျွန်တော် ပွဲထွက်ခွင့်ရဖို့ဆိုရင် အချိန်စောင့်ရပါမယ်။” လို့ ဆွာရက်ဇ်က အာဆင်နယ်အသင်းရဲ့ ကိုယ်ပိုင် YouTube Channel ကို ပြောသွားတာပါ။
ဒီကြားရက်မှာ အာဆင်နယ်အသင်းက ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲကစားဖို့ရှိပြီး ဆွာရက်ဇ်ရဲ့ ခြေစွမ်း လည်း တစ်နေ့တခြား တိုးတက်လာတယ်လို့ နည်းပြ အူနိုင်းက မှတ်ချက်ပေးထားပါတယ်။
“ဒီကနေ့အချိန်မှာတော့ သူ မိနစ် ၉၀ ပြည့်ကစားဖို့ မဖြစ်နိုင်သေးပါဘူး။ အဓိကကတော့ အသင်းနဲ့ အံဝင်ဖို့ လိုပါ သေးတယ်။ ဒါပေမယ့်တစ်ခုရှိတာက ဘုန်းမောက်နဲ့ပွဲမှာသူ စတင်နိုင်ကောင်း နိုင်ပါလိမ့်မယ်၊ ဒါမှမဟုတ်လည်း အရန်ခုံမှာ ထိုင်ဖြစ်နေရင်း အချိန်တစ်ခုကို စောင့်နေပါလိမ့်မယ်။” လို့ အူနိုင်းက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
ဆွာရက်ဇ်ကို အာဆင်နယ်အသင်းက ဘာစီလိုနာကနေ အငှားနဲ့ ခေါ်ထားတာ ဖြစ်ပြီး ရာသီကုန်လို့ အပြီးသတ်ခေါ်ယူတဲ့အခါ နောက်ထပ် ပေါင် ၁၇ သန်း ပေးဆောင်ရပါလိမ့်မယ်။