ဖျက်ဆီးပစ်ဖို့ လုပ်ထားတဲ့ Hard Drive ပါ

ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းသူ ၆.၉ သန်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်များ ပါဝင်တဲ့ External Hard disk နှစ်လုံး ပျောက်ဆုံးသွားတယ်လို့ နယ်သာလန် ကျန်းမာရေးနဲ့ အားကစားရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ပျောက်ဆုံးသွားတဲ့ Hard Disk တွေဟာ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်း နယ်သာလန်ကိုယ်အင်္ဂါအလှူလက်ခံဌာနမှာ ဖြည့်သွင်းခဲ့တဲ့ အလှူရှင်အားလုံးရဲ့ အီလက်ထရောနစ်မိတ္တူတွေကို သိမ်းထားတယ်လို့ ZDNet က ဖော်ပြထားပါတယ်။ ဒီ Hard Disk တွေကို နောက်ဆုံး အသုံးပြုခဲ့တာဟာ ၂၀၁၆ ခုနှစ်က ဖြစ်တယ်လို့လည်း သိရပါတယ်။


Photo: ZDNet

သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ အလှူရှင် မှတ်တမ်းစာရွက်‌‌ဟောင်းတွေကို ပြန်ရှင်းလင်းချိန်မှာ Hard Disk တွေ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့တာပါ။ ပျောက်ဆုံးခဲ့တဲ့ Hard Disk တွေထဲမှာ ကိုယ်အင်္ဂါအလှူရှင်တွေရဲ့ နာမည် ၊ မွေးနေ့မွေးရက် ၊ နေထိုင်ရာ လိပ်စာ ၊ မှတ်ပုံတင်နံပါတ်များ ၊ လှူဒါန်းမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းနဲ့ လက်မှတ်တို့ ပါရှိတယ်လို့ ဆိုပါတယ်။

" ဖျက်ဆီးပစ်ဖို့ လုပ်နေတဲ့ Hard Disk တွေက သိမ်းထားတဲ့နေရာမှာ မရှိတော့ပါဘူး" လို့ နယ်သာလန် ကိုယ်အင်္ဂါအလှူလက်ခံဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပျောက်ဆုံး Hard Disk တွေထဲမှာ ပါတဲ့ အလှူရှင် ၆.၉ သန်းကျော်ထဲက တစ်ချို့လည်း သေဆုံးသွားပြီလို့ ယူဆထားပါတယ်။ လက်ရှိမှာ ဒီအချက်အလက်တွေကို တစ်ယောက်ယောက်က အသုံးချဖို့ ကြိုးစားနေတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ နယ်သာလန် အာဏာပိုင်တွေက ပြောပါတယ်။

Photo: dutchnews


နောက်တစ်ချက်ကလည်း အလှူရှင်လျှောက်လွှာစာရင်းမှာ ထည့်သွင်းတဲ့ အလှူရှင်အချက်အလက်တွေထဲမှာ နယ်သာလန်မှတ်ပုံတင်များနဲ့ တစ်ခြား တရားဝင် အထောက်အထားများ မပါတာကြောင့် ဒီအချက်အလက်တွေကို တလွဲအသုံးချဖို့လည်း မရှိဘူးလို့ ယူဆထားပါတယ်။ Hard Drive တွေထဲက အချက်အလက်တွေကို Encrypt လုပ်ထား/မထားဆိုတာတော့ အာဏာပိုင်တွေက ပြောမထားပါဘူး။

နယ်သာလန်ဟာ လူဦးရေ စုစုပေါင်း ၁၇.၄ သန်းခန့် ရှိပြီး နိုင်ငံသားတွေရဲ့ ထက်ဝက်နီးပါးဟာ ကိုယ်အင်္ဂါအလှူရှင်တွေအဖြစ် မှတ်ပုံတင်ထားတယ်လို့ ယူဆထားပါတယ်။

Share

Loading Next Article...
က္က