ကိုယ့်ရဲ့ စကားဟာ အရာရောက်ပြီး ကိုယ်ဖြစ်ချင်တဲ့အရာ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ မရှိမဖြစ် ဆောင်ထားသင့်တဲ့ အရာရှိပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုအတွက် မဖြစ်မနေဆောင်ထားသင့်တဲ့ အရာကတော့ R ငါးလုံးပဲဖြစ်ပါတယ်။
R ငါးလုံးဆိုတာကတော့ Right Time ၊ Right Place ၊ Right Person ၊ Right Word နဲ့ Right Media တို့ပဲဖြစ်ပါတယ်။
Right Time
Right Time ဆိုတာကတော့ ကိုယ်လုပ်မယ့်အရာ ၊ ကိုယ်ပြောမယ့်စကားဟာ လုပ်သင့်လုပ်ထိုက် ၊ ပြောသင့်ပြောထိုက်တဲ့ အချိန်မျိုးဖြစ်ရပါမယ်။ ကိုယ်က မလုပ်သင့်တဲ့အချိန် လုပ်မိတာမျိုး ၊ မပြောသင့်တဲ့အချိန် ပြောမိတာမျိုးဆိုရင်လည်း ကိုယ်ဟာ ထင်သလောက် မအောင်မြင်နိုင်သလို အချိန်အခါမှားသွားပြီဆိုရင်လည်း ဆိုးဝါးတဲ့ ရလဒ်တွေကိုတောင် ရရှိစေနိုင်ပါတယ်။
Right Place
Right Place ဆိုတာကတော့ ကိုယ်ရောက်နေတဲ့နေရာ ၊ ကိုယ်ပြောဆိုမယ့် နေရာဟာ မှန်ကန်တဲ့နေရာမျိုး ဖြစ်ဖို့ လိုအပ်ပါတယ်။ မှားယွင်းတဲ့နေရာမျိုးဟာ အောင်မြင်မှု ဘယ်လိုမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ အောင်မြင်မှုကို ရရှိဖို့ဆိုရင် ကိုယ်က မှန်ကန်တဲ့နေရာမှာ ရောက်ရှိနေဖို့ လိုပါတယ်။ ဘာလုပ်လုပ် မအောင်မြင်လို့ စိတ်ဓာတ်ကျ အားငယ်နေတယ်ဆိုရင်တော့ ကိုယ်ရောက်နေတာ မှန်ကန်တဲ့နေရာ ဟုတ်မဟုတ် ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ နောက်တစ်ခုကတော့ နေရာဒေသပါ။ တစ်ခါတစ်လေမှာ စကားပြောတော့မယ်ဆိုရင် ကိုယ်ပြောမယ့်စကားနဲ့ ကိုက်ညီမှုရှိတဲ့ နေရာဒေသဟုတ်မဟုတ် ကို တစ်ချက်အကဲခတ်လေ့လာသင့်ပါတယ်။ ကာလံဒေသံကို ကြည့်ပြီး စကားပြောဆိုသင့်ပါတယ်။
Right Person
အလုပ်အကိုင် အခွင့်အလမ်းတစ်ခုခု လိုချင်တဲ့အခါ၊ ဒါမှမဟုတ် အလုပ်တစ်ခုခု အောင်မြင်ဖို့ အတွက် လက်တွဲ လုပ်ကိုင်ရမယ့်နေရာတွေမှာ ကိုယ့်ရဲ့ တွဲဖက်ဟာ မှန်ကန်တဲ့သူဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အတွက် ဒါမှမဟုတ် ကိုယ့်အလုပ်အတွက် မှန်ကန်တဲ့သူ ဖြစ်နေမှ တကယ် အလုပ်အကိုင် အခွင့်အလမ်းရတာမျိုး တကယ်အောင်မြင်တာမျိုး ကို ရရှိနိုင်မှာပါ။ ကိုယ်က အလုပ်အကိုင်အခွင့်အလမ်းတစ်ခု ရယူချင်လို့ ကိုယ်ပြောဆိုမိတဲ့သူဟာ တကယ်အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် စွမ်းဆောင်ပေးနိုင်သူ မဟုတ်ဘူးဆိုရင် ကိုယ့်အတွက် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။
Right Word
အောင်မြင်ချင်တဲ့သူတွေအတွက် ကိုယ်ပြောဆိုတဲ့ စကားလုံးတိုင်းရဲ့ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ပြီး တခြားသူကိုပြောဆိုတဲ့အခါမှာလည်း မှန်ကန်တဲ့စကားလုံးတွေကို ရွေးချယ်ပြောဆိုနိုင်တယ်။ သူများတွေနဲ့ စကားပြောဆိုရာမှာ စကားအလိမ္မာရှိမှသာ အောင်မြင်သူတစ်ယောက်ဖြစ်နိုင်မှာပါ။
Right Media
ကိုယ်က အောင်မြင်ချင်တယ်။ ကိုယ့်စကားကို ပေါက်မြောက်ချင်တယ်ဆိုတဲ့နေရာမှာ ကိုယ်အသုံးပြုတဲ့ ကြားခံနယ်ဆိုတာကလည်း အရေးကြီးပါသေးတယ်။ ကိုယ်က တဆင့်ပြောမှာလား၊ တိုက်ရိုက်ပြောမယ့်သူလား၊ သွယ်ဝိုက်ပြောမယ့်သူလား။ ဘယ်လိုပြောတာက ကိုယ့်အတွက် အဆင်ပြေဆုံးလဲ ဆိုတာကို ကောင်းကောင်းကြီး သိနားလည်ထားဖို့ အထူးလိုအပ်ပါတယ်။
အချုပ်ဆိုရသော် ဒီ R ငါးလုံးဟာ လုပ်ငန်းခွင်မှာ တိုးတက်စေဖို့ ၊ အောင်မြင်စေဖို့သာမက ကိုယ့်ရဲ့ လူမှုနယ်ပယ်မှာပဲဖြစ်ဖြစ် ၊ ကိုယ့်ဘဝရဲ့ ဘယ်လိုနေရာမှာပဲ ဖြစ်ဖြစ် အသုံးပြုမယ်ဆိုရင် အရာအားလုံး အဆင်ပြေချောမွေ့နိုင်မှာ အသေအချာပဲဖြစ်ပါတယ်။