In partnership with  logo
မဒီတို့ရဲ့ နေ့စဉ်လုပ်ဆောင်နေကျအရာတွေထဲက မလိုအပ်ပါဘဲ အချိန်ဖြုန်းသလို လုပ်မိနေတဲ့အရာတွေ အများကြီးရှိနေပါတယ်။ အဲ့ဒီအရာတွေက တစ်နည်းမဟုတ်တစ်နည်း ကိုယ့်ရဲ့အာရုံကိုဖမ်းစားထားတာမို့ ရုန်းမထွက်နိုင်တော့ပဲ တစ်နေ့တာရဲ့ အချိန်တော်တော်များများကို ဒါတွေလုပ်ဆောင်ရင်း အကျိုးမရှိ ကုန်ဆုံးဖြစ်လာတာမျိုးလေးတွေပေါ့။

တချို့အရာတွေက ကိုယ့်ဘာသာကိုယ် အချိန်အကန့်အသတ်လေး၊ စည်းကမ်းလေးထားပြီး သတ်သတ်မှတ်မှတ် အသုံးပြုမယ်၊ လုပ်ဆောင်မယ်ဆိုရင် အကျိုးကျေးဇူးတွေ ခံစားရမှာ ဖြစ်ပေမယ့် အဲ့ဒီအရာတွေကိုပဲ အချိန်အကြာကြီးလုပ်နေမယ်၊ မျောနေမယ်ဆိုရင်တော့ မဒီတို့အတွက် အချိန်ဖြုန်းတဲ့ဘက်ရောက်ကိုရောက်သွားပါလိမ့်မယ်။ ဒီတော့ ပထမဆုံး ကိုယ့်ရဲ့နေ့စဉ်ဖြတ်သန်းမှုလေးတွေမှာ ဘယ်နှစ်နာရီကြာ ဘာတွေလုပ်ဆောင်ဖြစ်နေသလဲ ဆိုတာလေး ပြန်တွေးကြည့်လိုက်ပါ။ ကိုယ့်ရဲ့Lifestyle ပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး အဖြေရလာဒ်ကတော့ တူညီမှာ မဟုတ်ပါဘူး။ အဖြေထွက်လာတဲ့အခါ ကိုယ်လိုအပ်တာထက် ပိုပြီးအချိန်ဖြုန်းမိနေတဲ့အရာ အနည်းဆုံးတစ်ခု၊ နှစ်ခု တွေ့ရပါလိမ့်မယ်။ ဒါကို ကိုယ်ဘယ်လိုပြန်ပြီး ပြုပြင်မလဲ၊ ကိုယ့်ကိုကိုယ် စည်းမျဉ်းလေး ထားမလဲဆိုတာကို မပြောခင် လူငယ်တွေတော်တော်များများ မလိုအပ်ပဲ အချိန်ဖြုန်းမိနေတဲ့ အရာတွေထဲက ထိပ်ဆုံးမှာရှိနေတဲ့ အရာတွေကို ပြောပြချင်ပါတယ်။

အချိန်ပြည့် လူမှုကွန်ယက်ဆိုရှယ်မီဒီယာတွေ ကြည့်နေတာ၊ မလိုအပ်ဘဲ scroll လုပ်နေတာ၊ website တွေကို တစ်ခုပြီးတစ်ခု browse လုပ်မိနေတာ

အခုနောက်ပိုင်း ဘယ်သူ့ကြည့်လိုက်ကြည့်လိုက် ကော်ဖီဆိုင်မှာလည်း ဖုန်းလေးပွတ်နေတာ၊ အိမ်မှာဆိုလည်း အလုပ်ကြောင့်မဟုတ်ရင်တောင် ဖုန်းပဲသုံးမိနေတာ၊ ကိုယ့်ချစ်သူနဲ့ ဒိတ်တဲ့အခါ သူ့မျက်နှာလေးကြည့်ပြီး စကားတွေဖောင်ဖွဲ့ရမယ့်အစား ဖုန်းပဲသုံးဖြစ်နေတာ၊ သူငယ်ချင်းတွေချိန်းပြီး ဆုံကြတဲ့အခါမှာလည်း ဖုန်းပဲငုံ့သုံးမိနေတာ၊ meeting တွေဘာတွေလုပ်တဲ့အခါမှာတောင် ဖုန်းခိုးသုံးနေမိတာ၊ ကိုယ့်အလုပ်က ဆိုရှယ်မီဒီယာနဲ့ဆက်စပ်နေတာမျိုး မဟုတ်ဘဲ အကြောင်းမဲ့ ၅မိနစ်တစ်ခါ ဖုန်းကိုင်ပြီး ဟိုပွတ်ဒီပွတ် လုပ်မိနေတာမျိုးဟာ လူငယ်တွေသာမက လူကြီးတွေပါ လုပ်နေတတ်တဲ့အရာတွေပေါ့။ ဒါဟာ မလိုအပ်ဘဲ စွဲလမ်းတဲ့စိတ်ကြောင့်လို့ သတ်မှတ်နိုင်သလို မလိုအပ်ဘဲ အချိန်ဖြုန်းလာကြတဲ့နည်းတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။

ဒီအကြောင်းကို Myanmar Nara Apex Travels & Tours က Reservation and Operation Chief တစ်ယောက်ဖြစ်တဲ့ မေပိုင်စည်သူက

“ခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတာနဲ့အမျှ မေပိုင်လည်း တစ်နေ့ကို အိပ်ချိန်ကလွဲလို့ facebookတို့ instagramတို့မှာ အချိန်ပိုကုန်ဖြစ်လာတာ ကိုယ့်ကိုကိုယ် သတိထားမိလာတယ်။ အဓိက ဖုန်းနဲ့သုံးဖြစ်တာများတော့ လက်ကနေဖုန်းကိုမချနိုင်အောင်ပဲ။ အိမ်သာထဲဝင်လည်း ဒီဖုန်း၊ ရုပ်ရှင်ကြည့်နေရင်လည်း ၅မိနစ်လောက်နေတာနဲ့ ဖုန်းကောက်ကိုင် ဒီအင်တာနက်ပဲသုံး၊ ညမအိပ်ခင်ထိကို ဖုန်းနဲ့မျက်နှာမခွာနိုင်အောင် စွဲလမ်းနေမိတာ။ ဒီလိုအရာတွေ စွဲလမ်းလာတာနဲ့အမျှ တခြားကိုယ့်ဘဝအတွက် အရေးပေးရမယ့်အရာတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ဖြစ်တော့ပဲ လျစ်လျူရှုမိနေတာ သတိထားမိလာတယ်။ တစ်နေ့တစ်နေ့ အချိန်တွေကုန်သွားပေမယ့် ဘာမှဖြစ်မလာခဲ့ဘူး။ ဒါ့ကြောင့် မေပိုင့်အမြင်ကတော့ ဒီလိုတိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ခေတ်နဲ့မျက်ခြေမပြတ်အောင် ဆိုရှယ်မီဒီယာတွေကို သုံးသင့်တာလည်းသုံး ကိုယ့်ဘဝအတွက် အရေးပါတဲ့အရာတွေကိုလည်း အချိန်ပေးပြီး လုပ်သင့်တယ်လို့ မြင်ပါတယ်။ ကိုယ်တိုင်လည်း တဖြည်းဖြည်းပြောင်းလဲဖို့ကြိုးစားနေပါတယ်။ သူငယ်ချင်းတို့လည်း ကိုယ့်မိသားစုနဲ့ကိုယ့်ဘဝအတွက်အရေးပါသူတွေအတွက် ပြောင်းလဲဖို့ကြိုးစားကြည့်ကြပါ” လို့ သူမအကြောင်းကို sharing လုပ်ပြီး အားလုံးကိုလည်း အတူတူကြိုးစားကြည့်ဖို့ တိုက်တွန်းသွားပါတယ်။

အွန်လိုင်းဂိမ်းတွေကို အချိန်ကြာမြင့်စွာ ကစားမိနေတာ

လူငယ်တွေအတွက် တစ်နေ့တစ်နေ့ အချိန်ဖြုန်းမိနေတဲ့အရာတွေထဲ ဒုတိယအများဆုံးကတော့ အွန်လိုင်းဂိမ်းကစားတာပါပဲ။ ဂိမ်းကစားတာကို နှစ်ခြိုက်တဲ့သူတွေအတွက် တစ်နေ့ဘယ်နှစ်နာရီဆိုပြီး ကန့်သတ်ဆော့ဖို့ကလည်း အတော့်ကိုခက်ခဲတဲ့ကိစ္စပါ။

Admin and Logistic Officer တစ်ယောက်ဖြစ်တဲ့ သွန်းသန္တာနွယ်ကတော့

“ကိုယ့်အတွက် တစ်နေ့တစ်နေ့ နာရီများစွာ အချိန်ဖြုန်းမိနေတာကတော့ လူမှုကွန်ရက်နဲ့ ဂိမ်းတွေပါပဲ။ ဒီတော့ ညဘက်တွေဆို ဖေ့စ်ဘွတ်ခ်သုံးနေရတာနဲ့ပဲ အိပ်ယာဝင်နောက်ကျရော၊ အထူးသဖြင့် သောကြာည၊ စနေညတွေမျိုးပေါ့။ နောက် ဂိမ်းကျတော့လည်း စွဲတဲ့အခါကျ ဆော့ရင်းနဲ့ အချိန်တွေကုန်လို့ကုန်သွားမှန်း မသိလိုက်တာမျိုးတွေ ကြုံရတယ်။ ဆော့ပြီးသွားတဲ့အခါကျမှ ငါဒီလိုတွေဆော့နေမယ့်အစား၊ လူမှုကွန်ရက်ပေါ် အချိန်ကုန်နေမယ့်အစား စာလုပ်ရမှာဆိုပြီး ကိုယ့်ကိုကိုယ် စိတ်တိုနေတတ်တယ်။ ဂိမ်းဆော့တဲ့အခါကျတော့ တစ်ခါတစ်လေ ခေါင်းတွေအုံနေရော၊ အဲ့ဒီ effect ကြောင့် စာလုပ်တဲ့အခါ၊ တခြားသင်တန်းကပေးတဲ့ အိမ်စာတွေလုပ်တဲ့အခါ ထင်သလောက် အာရုံမစိုက်နိုင်တော့တာမျိုးတွေ ဖြစ်တယ်။ ဒါတွေသာလျှော့လိုက်ရင် ကိုယ့်အလုပ်အတွက်လည်း ပိုအားစိုက်လုပ်ဖြစ်မယ်၊ ပြီးတော့ အင်္ဂလိပ်စာပိုင်းလေ့လာတာ ပိုအချိန်ပေးနိုင်လာမှာ ဖြစ်သလို အလုပ်နဲ့သက်ဆိုင်တဲ့စာတွေလည်း လုပ်ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။ သွန်းကိုယ်တိုင် ဒီအကျင့်တွေကို ပြင်ဖို့ကြိုးစားနေပါတယ်။ ဒါတွေကို ကောင်းတဲ့ဘက်ကပဲ အသုံးချပြီး အကျိုးမရှိဘဲ အချိန်မဖြုန်းမိအောင် ကိုယ့်ကိုကိုယ်ပြင်ကြည့်မယ်ပေါ့။ ဆိုရှယ်မီဒီယာတွေ You Tube တွေက သုံးတတ်ရင် အကျိုးရှိပါတယ်၊ ဥပမာ သွန်း အခုဆိုရင် သိုးမွှေးထိုးသင်နေတာ အွန်လိုင်းကပါ။ ဒါတွေကကျတော့ လူမှုကွန်ယက်ကနေ အများကြီး လေ့လာခဲ့ရတာမျိုးတွေ ရှိတယ်ပေါ့။ ဒါ့ကြောင့် အချိန်လေးသတ်မှတ်ပြီး သုံးမယ်၊ ကိုယ့်အတွက် အကျိုးရှိစေမယ့်အရာအတွက် သုံးမယ်။ နောက် ဂိမ်းလည်းလျှော့ပြီးဆော့တော့မယ်လို့ ဆုံးဖြတ်ထားပါတယ်” လို့ ဖွင့်ဟပြောပြသွားပါတယ်။

ညဘက်အိပ်ယာဝင်ချိန်နောက်ကျတာ

မဒီတို့အများစု ညဘက်အိပ်ယာဝင်တဲ့အချိန်ဟာ အနည်းဆုံး ၁၁နာရီလောက်ဖြစ်မယ်လို့ ခန့်မှန်းလို့ရပါတယ်။ တချို့ဆို သန်းခေါင်တောင်ကျော်ပါသေးတယ်။ ဘယ်လိုအကြောင်းမျိုးကြောင့် အိပ်ယာဝင်ချိန်နောက်ကျတာ ဖြစ်ပါစေ၊ အိပ်ရေးမဝတဲ့သူဟာ နောက်တစ်နေ့မှာ ကြည်လင်လန်းဆန်းစွာ အလုပ်လုပ်နိုင်မှာ မဟုတ်သလို၊ စိတ်မကြည်တာ၊ ခေါင်းကိုက်တာ၊ အလုပ်မှာဘာမှစဉ်းစားနိုင်စွမ်းမရှိတာ၊ စိတ်အလိုမကျ၊ စိတ်တိုလွယ်တာမျိုးတွေ ဖြစ်တတ်တယ်ဆိုတာ မမေ့ပါနဲ့။ ဒါဟာ အိပ်ယာဝင်နောက်ကျခြင်းရဲ့ ဆိုးကျိုးတွေပေါ့။

ဒီအကြောင်းကိုတော့ လက်သည်းခြေသည်းအလှပြင်ဆိုင်လေး ဖွင့်ထားတဲ့ အိမွန်က

“ ညဘက်အိပ်ယာဝင်ချိန်တွေ အမြဲနောက်ကျတတ်တာ ကိုယ့်အတွက်ပုံမှန်တောင် ဖြစ်နေပါပြီ။ မနက်ကျတော့ လုပ်စရာရှိတာတွေလုပ်၊ ဆိုင်ဖွင့်တာဘာညာတွေရှိပေမယ့် တစ်နေကုန်ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း၊ ညဘက်စောစောအိပ်ယာဝင်တာမျိုး မရှိဘူး။ နောက်ကျတဲ့အထိအမြဲနေဖြစ်တယ်။ အဲ့အချိန်တွေကျမှ တခြားကိုယ်လုပ်စရာရှိတာလေးတွေ လုပ်ပေါ့နော်။ ဟိုလုပ်ဒီလုပ်နဲ့ အမြဲနောက်ကျတတ်တာ။ ဒါကတော့ အိမွန်အတွက် ပြင်ဆင်ဖို့လဲ မကြိုးစားမိတဲ့အရာတစ်ခုပေါ့။ တကယ်လို့သာ ကိုယ်က ဒီအချက်ကိုပြင်နိုင်မယ်ဆိုရင် ကိုယ့်ကျန်းမာရေးအတွက်ရော၊ နောက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိ တခြားအရာတွေကိုလုပ်လာနိုင်မယ်လို့တော့ ထင်ပါတယ်” လို့ သူမရဲ့မပြင်နိုင်သေးတဲ့အကျင့်တစ်ခုအကြောင်း ဖွင့်ဟသွားပါတယ်။

လူငယ်တွေအနေနဲ့ နောက်ထပ်နေ့စဉ်ဖြတ်သန်းမှုတွေမှာ အချိန်ဖြုန်းနေမိတဲ့အရာတွေကတော့ TV အကြည့်များလွန်းတာ၊ တစ်ခုခုကိုလုပ်ဖို့ အချိန်ဆွဲတတ်တာ၊ တစ်ခုခုကိုမဆုံးဖြတ်နိုင်တာ၊ အတိတ်က ဖြစ်ပြီးခဲ့တဲ့အရာတွေပေါ် တမြေ့မြေ့ခံစားနေတတ်တာ၊ တစ်ခုခုလုပ်ရတော့မယ်ဆို ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာကြောင့် ဘာလုပ်ရမှန်းမသိဖြစ်နေတာမျိုးတွေနဲ့ အစားအသောက်စားတာနဲ့ပဲ အချိန်ကုန်နေတာမျိုးတွေပါတဲ့။

အပေါ်မှာကိုယ့်အကြောင်းတွေကိုပြောပြပေးသွားတဲ့ သွန်းသန္တာနွယ်နဲ့အိမွန်ကလည်း သူတို့ကိုယ်သူတို့ ပြန်သုံးသပ်ကြည့်တဲ့အခါ တစ်ခုခုကို လုပ်ရတော့မယ်ဆိုရင် အချိန်ဆွဲတတ်တာ ၊ TV အကြည့်များတာကလည်း သူတို့တစ်နေ့တာအတွက် မလိုအပ်ဘဲ အချိန်တွေဖြုန်းနေမိတယ်လို့ထင်တဲ့အကြောင်း ဖွင့်ဟသွားပါသေးတယ်။

တိုတောင်းတဲ့အချိန်တစ်ခုအတွင်း ကိုယ်ပြုမူလုပ်ဆောင်နေကျ အကျင့်တွေ၊ အစွဲအလန်းတွေကို ဖြတ်တောက် ဖို့ရာ ခက်ခဲလှပါတယ်။ ဒါပေမယ့် ကိုယ်ကိုတိုင်က ဘယ်အရာတွေက ကိုယ့်အတွက်အကျိုးရှိစေပြီး ဘယ်လိုအရာတွေက အကျိုးယုတ်စေတာဘာဆိုတာ ခွဲခြားသိနေတာကလည်း အမြတ်တစ်ခုဖြစ်နေပါပြီ။ ဒါကို ရှေ့ဆက်ပြီး ကိုယ်တိုင်အတွက်၊ ကိုယ့်ဘေးက ကိုယ်ချစ်ရတဲ့သူတွေ၊ မိသားစုဝင်တွေအတွက် ဘယ်လိုဆက်ကြိုးစားပြင်ဆင်သွားမယ်ဆိုတာ စည်းမျဉ်းလေးတွေ ချမှတ်ကြည့်ပါ။ ဥပမာ တစ်ပတ်စာကြို အစီအစဉ်ဆွဲထားတာမျိုးပေါ့။ တစ်ပတ်စာမလုပ်နိုင်ရင် တစ်ရက်စာကြိုပြင်ဆင်ပြီး မနက်ဖြန်မှာ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘာအတွက်အချိန်ဘယ်လောက်ပဲ အကုန်ခံမယ်ဆိုပြီး စတင်လုပ်ဆောင်ကြည့်ပါ။ ချက်ချင်းကြီး လုပ်နေကျအရာတွေကို ဖြတ်တောက်ပစ်ခိုင်းတာ မဟုတ်ပါဘူး။ နာရီပိုင်းနဲ့စပြီးလျှော့ကြည့်ပါ။ ကိုယ်ကိုယ့်ကို လုပ်နိုင်မယ်ဆိုတာ ယုံကြည်မှုထားပြီး အချိန်ပေးကြိုးစားလုပ်ဆောင်သွားမယ်ဆိုရင် မဒီတို့ရဲ့ နေ့စဉ်ဘဝလေး ဟာတဖြည်းဖြည်းနဲ့ ပြောင်းလဲတိုးတက်လာမယ်ဆိုတာ အသေအချာပါပဲ။

 

Share

Loading Next Article...
က္က