ချမ်းချမ်းကတော့ ၁၀စုနှစ်ကာလ ကြိုးစားရှာဖွေခဲ့ရတဲ့ ငွေကြေးနဲ့ စိတ်တိုင်းကျအိမ်လေးတစ်လုံး အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကိုယ်ပင်ပန်းတာ၊ ကိုယ်ရှာဖွေရတာ ကိုယ်ပဲသိတယ်လို့ ဆိုပါတယ်။
Photo: Chan Nyein
ချမ်းချမ်းကတော့ သူမရဲ့ စိတ်တိုင်းကျ အိမ်လေးတစ်လုံး အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် စိတ်ချမ်းသာတယ်လို့ဆိုပါတယ်။ ဒီအိမ်လေးဖြစ်လာဖို့ ၁၀ စုနှစ်တစ်ခုစာ ဆုခဲ့ရတဲ့ ငွေကြေးတွေနဲ့ ဆောက်ခဲ့တာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။
‘’ အိမ်လေးက အခုဆောက်လို့ပြီးသွားပြီ။ အစ်မရဲ့ စိတ်တိုင်းကျ လွန်ခဲ့တဲ့ ၉ နှစ်၊ ၁၀ နှစ်မှာ ရှာခဲ့တဲ့ ပိုက်ဆံနဲ့ ဆောက်တာဖြစ်လို့ ဒီအိမ်လေးက အစ်မအတွက် အမှတ်တရလည်းဖြစ်တယ်။ သမီးလေးအတွက် ရည်စူးပြီးဆောက်တာပါ။ သူက ရေကူးတာအရမ်းကြိုက်တယ် ရေကူးကန်လေးပြန်ထည့်တာပေါ့။ အရင်တုန်းက အဲဒါက ကွမ်းသီးတွေထည့်တဲ့ ပွဲရုံ၊ အစ်မ မိဘတွေက ၆ နှစ်လောက်နေခဲ့ဖူးတယ်။ နွေရာသီကျတော့ အရမ်းပူတော့ ထပ်ခိုးလေးတွေတင်ပေးဖြစ်တယ်ပေါ့။ အခုတော့ မြို့ထဲက အိမ်လေးဝယ်ပေးထားတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့က တေးသံသာ App မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Chan Nyein
ချမ်းချမ်းကတော့ အိမ်ဆောက်နေတဲ့အချိန်အတွင်းမှာလည်း သူမကိုယ်တိုင် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ လိုအပ်တဲ့အရာတွေကိုလည်း အလုပ်သမားငှားတာထက် သူကိုယ်တိုင် ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
‘’ အဓိက ကတော့ အစ်မက ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့ ပင်ပင်ပန်းပန်းရှာထားရတာဖြစ်တဲ့အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ကအစ အစ်မရဲ့ ချွေးနဲစာဖြစ်တဲ့အတွက်ကြောင့် တန်ဖိုးထားတယ်။ လုပ်ငန်းငှားတာက အစ အစ်မကိုယ်တိုင်ဈေးတွက်၊ အစ်မကိုယ်တိုင် ဈေးပေး၊ အစ်မကိုယ်တိုင် ပစ္စည်းဝယ်၊ သဲတစ်ပွင့်က အစ အစ်မလုပ်တဲ့အတွက်ကြောင့် သူများတွေက သိန်း ၄၀၀၊ ၅၀၀ လောက်ကုန်ရင် အစ်မက သိန်း ၁၀၀၊ ၂၀၀ လောက်နဲ့ ပြင်လို့ပြီးတယ်’’ လို့ သူကဆိုပါတယ်။
Photo: Chan Nyein
အိမ်သန့်ရှင်းရေး၊ ခြံသန့်ရှင်းရေး အစရှိသည်တို့ကိုလည်း ချမ်းချမ်းကိုယ်တိုင်ပဲ လုပ်တယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်ရှာဖွေထားတဲ့ ငွေကြေးဖြစ်တာကြောင့်လည်း အများကြီး တန်ဖိုးထားတယ်လို့ ပြောပြခဲ့ပြန်ပါသေးတယ်။
‘’ အစ်မက အောက်ခြေသိမ်းက အစ အလုပ်လုပ်တယ်။ အမှိုက်က အစ အစ်မကိုယ်တိုင်လှဲတယ်။ သန့်ရှင်းရေးတွေဆိုရင်လည်း အစ်မကိုယ်တိုင်လုပ်တယ်။ အောက်ခြေကနေစပြီး သေချာကြီးကြပ်မှ ပိုက်ဆံ တစ်ပြားတစ်ချပ်က မကွာမှာလေ။အစ်မက ကပ်စေးနဲတာမဟုတ်ဘူး။ ကိုယ်ရှာရတာ၊ ကိုယ်ပင်ပန်းတာ ကိုယ်ပဲ သိတယ်လေ’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။
Photo: Chan Nyein
ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက်‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။
Share