နွေရာသီလည်းရောက်ပြီဆိုတော့ နွေရာသီနဲ့အလိုက်ဖက်ဆုံးအရာဟာ အဖြူရောင်ပါပဲ။ အဖြူရောင်မှာမှ မဒီတို့မှာ တစ်ထည်လောက်အနည်းဆုံးရှိတတ်ကြတဲ့ အဖြုရောင် tee လေးတွေကို အပေါ်အောက် ဘယ်နှစုံထွက်အောင် တွဲစပ်နိုင်သလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဘာလို့လဲဆိုတော့ ဒီအင်္ကျီအဖြူလေးကို ပထမတစ်ခါက ဂျင်းဘောင်းဘီ ဒါမှမဟုတ် ဂျင်းစကတ်နဲ့ပဲ တွဲဝတ်ဖြစ်ရင် နောက်တစ်ခါဆိုရင်လည်း ဒီလိုအတွဲအစပ်ကိုပဲ ဦးစားပေးမိတတ်ကြတာများပါတယ်။ ထပ်ပြီး ဘယ်လိုလေးတွေ တွဲဝတ်နိုင်သေးလဲဆိုတာ မစဉ်းစားမိကြတာမို့ မဒီတို့တွေ ဝတ်စရာမရှိဘူးဆိုပြီး ခံစားကြရတာပါ။ တကယ်တော့ ကိုယ့်မှာအဖြူရောင် tee လေးတစ်ထည်ရှိရင် အနည်းဆုံး အတွဲအစပ် ငါးမျိုးကနေ ငါးမျိုးနဲ့အထက် ဆင်မြန်းနိုင်ပါတယ်။
(၁) အဖြူရောင် tee နဲ့ ဂျင်းကတော့ မတွဲမဖြစ်ပေါ့။
ဂျင်းဘောင်းဘီ၊ ဂျင်းစကတ် စတာတွေနဲ့ အပေါ်က tee အဖြူလေးတွဲဝတ်တာလောက် သန့်တဲ့ဝတ်စုံမရှိတော့ပါဘူး။ ဒီဝတ်စုံမျိုးက ဘယ်တော့မှ ရိုးမသွားသလို ဖက်ရှင်ရေစီးကြောင်းတွေ ဘယ်လိုပြောင်းလဲနေပါစေ၊ အမြဲဆန်းသစ်နေမယ့် အတွဲအစပ်ပါ။
(၂) Slip Dress လေးတွေနဲ့ တွဲပြီး ဆင်မြန်းကြည့်ပါ။
ကြိုးတစ်ချောင်း dress လို့ အလွယ်တကူပြောနိုင်တဲ့ Slip Dress လေးတွေအောက်ကနေ Tee အဖြူလေး ခံဝတ်ပြီး ဖိနပ်ကို sneaker လေး ရွေးချယ်ဆင်မြန်းလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ချစ်စရာကောင်းနေလိမ့်မလဲ။ Sexy လည်းဖြစ်သလို ချစ်စရာလည်းကောင်းတဲ့ အသွင်ကို ပိုင်ဆိုင်ပါလိမ့်မယ်။
(၃) Floral အပွင့်အခက် စကတ်လေးတွေနဲ့ တွဲကြည့်ပါ။
ကိုယ်က မိန်းကလေးဆန်ဆန် အဆင်ဒီဇိုင်းလေးတွေ သဘောကျတယ်၊ ဒါမှမဟုတ် Ruffle စကတ်လို အတွန့်အဖတ်လေးတွေ ဝတ်ရတာ သဘောကျတယ်ဆိုရင်တော့ အင်္ကျီအဖြူလေးနဲ့ အဲဒီလိုစကတ်လေး တွဲပြီး ဆင်မြန်းကြည့်စေချင်ပါတယ်။
(၄) စတိုင်လ်ဘောင်းဘီ၊ ခါးအမြင့်ဘောင်းဘီလည်း တွဲဝတ်နိုင်ပါသေးတယ်။
ရုံးသွား၊ ကုမ္ပဏီသွားရတဲ့မဒီတွေအတွက် tee အဖြူလေးနဲ့ စတိုင်လ်ဘောင်းဘီလေးတွေ ပေါ့ပေါးပါးပါး အထာကျကျ တွဲဝတ်ကြည့်ပါ။ သူ့ကို အောက်ကနေ sneaker ဒါမှမဟုတ် သိပ်မမြင့်တဲ့ဒေါက်လေး ရွေးချယ်ဆင်မြန်းလိုက်မယ်ဆိုရင် ရုံးသွားတာတောင် မိုက်နေတယ်လို့ မှတ်ချက်အပေးခံရမှာ အသေအချာပဲလေ။
(၅) Suit တွေနဲ့ တွဲဝတ်ရင်လည်း အဆင်ပြေပါတယ်။
ကိုယ့်မှာ Suit တစ်စုံရှိရင် သူ့ကို ဘယ်လိုအင်္ကျီနဲ့ဝတ်မလဲအမြဲခေါင်းစားကြရတတ်ပါတယ်။ ရှပ်အင်္ကျီနဲ့ဝတ်ရမလား၊ Graphic Tee လေးတွေပဲ ဝတ်ရမလား စသဖြင့် စဉ်းစားနေရတယ်ဆိုရင်တော့ ဒီပြဿနာကို tee အဖြူလေးက ဖြေရှင်းပေးပါလိမ့်မယ်။
(၆) Track pant တွေနဲ့လည်း လိုက်ဖက်ပါတယ်။
ကိုယ့်ဆီမှာ အားကစားဘောင်းဘီမျိုး Track pant လေးတွေရှိတယ်ဆိုရင်လည်း သူ့ကို tee အဖြူလေးနဲ့ သန့်သန့်လေး တွဲဝတ်ကြည့်လိုက်ပါ။ ဒီလိုအတွဲအစပ်က ထသွားထလာကနေ night out၊ date အထိတောင် ရွေးချယ်နိုင်တယ်နော်။
(၇) Overall အတွက်ကတော့ မရှိမဖြစ်ပါပဲ။
ကိုယ်က jean overall လေးတွေ ပေါ့ပေါ့ပါးပါး ဝတ်တတ်တဲ့သူဆိုရင်တော့ Overall အောက်က tee အဖြူလေးတစ်ထည် မဖြစ်မနေလိုအပ်ပြီပေါ့။ ဒီဝတ်စုံလေးကလည်း မရိုးမဆန်းနဲ့ သိပ်ကိုဆွဲဆောင်မှုရှိတဲ့ အတွဲအစပ်လေးပါနော်။
(၈) လည်သာဘောင်းဘီ၊စကတ်နဲ့လည်း အိုခေပါတယ်။
လည်သာဘောင်းဘီဘယ်လိုအရောင်မျိုးပဲရှိရှိ၊ အပေါ်ကဘာတွဲဝတ်ရမှန်းမသိရင် tee အဖြူလေးတွေသာ တွဲဝတ်လိုက်ပါ။ ဒါကိုမှ ရှင်းတယ်တစ်ခုခုလိုအပ်သေးတယ် ထင်တယ်ဆိုရင်တော့ လည်သာဂျက်ကတ် ထပ်ဝတ်လို့ရပါသေးတယ်။
(၉) အနက်ရောင် ဘောင်းဘီ၊ စကတ်စတာတွေနဲ့ တွဲဝတ်ပါ။
အဖြူနဲ့ဆိုတော့ အနက်နဲ့တွဲလည်း အမြဲကြည့်ကောင်းနေမှာပါပဲ။ ဒီတော့ကိုယ့်မှာ ဂျင်းဘောင်းဘီအနက်၊ စကတ်အနက် စတာတွေရှိတယ်ဆိုရင် black and white အတွဲအစပ်လေးနဲ့ အားလုံးရဲ့အကြည့်တွေကို ဖမ်းစားလိုက်ပါ။
(၁၀) ရှပ်အင်္ကျီအောက်ကနေ ခံဝတ်လို့လည်းရသေးတယ်နော်။
ကိုယ်က ရှပ်အင်္ကျီလေးတွေ ဝတ်ရတာလည်း သဘောကျတဲ့သူဆိုရင်တော့ tee အဖြူလေးနဲ့အောက်က ဂျင်းဘောင်းဘီအတို၊ ဒါမှမဟုတ် အရှည်အတွဲအစပ်ပေါ်ကနေ ရှပ်အင်္ကျီလေး ထပ်ဝတ်ပြီး ရှိုးထုတ်ကြည့်လိုက်ပါဦး။
ဒီအတွဲအစပ် (၁၀) မျိူးစလုံး မဒီတို့လိုက်ဝတ်ကြည့်လို့ အဆင်ပြေတာတွေချည်းပါပဲ။ ဒီတော့ ကိုယ့်ဆီမှာ ရှိပြီးသား tee အဖြူလေးနဲ့ ခုပဲ ဘယ်လိုလေးတွဲဝတ်ကြည့်လို့ရတယ်ဆိုတာ အဖြေရှာလိုက်ပါတော့။