ဒီနှစ်အတွင်း Apple ဟာ 5G iPhone တွေ မိတ်ဆက်ဖို့ ရှိတယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။
အစောပိုင်း သတင်းတွေအရ Qualcomm နဲ့ တရားရင်ဆိုင်မှု ပြေလည်သွားပြီးနောက် Apple ဟာ Qualcomm ရဲ့ X55 modem သုံးတဲ့ 5G iPhone တွေကို ဒီနှစ်ဆောင်းတွင်းမှာ ကြေညာသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ Fast Company ရဲ့ သတင်းသစ်မှာ Apple ဟာ Qualcomm အစား ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ 5G antenna တစ်မျိုး သုံးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
Photo: Patently Apple
Qualcomm ရဲ့QTM525 antenna ကို မသုံးတဲ့ အကြောင်းက အရွယ်အစားကြောင့်လို့ ဒီသတင်းက သုံးသပ်ထားတာပါ။ QTM525 antenna ဟာ ပိုပြီး မြန်ဆန်တဲ့ 5G mmWave ဗားရှင်းကို ဖမ်းယူနိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး အသစ်ထွက်လာမယ့် iPhone တွေရဲ့ ပါးလွှာမှုကို ထိခိုက်နိုင်ခြေ ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့်ပဲ Apple ဟာ iPhone ရဲ့ ဒီဇိုင်းကို မထိခိုက်စေဖို့ ကိုယ်ပိုင် in-house အန်တနာစနစ်ကို ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက Apple အနေနဲ့ တစ်ခြားပစ္စည်းအစိတ်အပိုင်းတွေအတွက်ပဲ Qualcomm ကို မူပိုင်ခွင့်ကြေးပေးဖို့ ပိုအားသန်နေတာလည်း ပါနိုင်ပါတယ်။
Qualcomm နဲ့ ပြဿနာတက်ခဲ့တာကလည်း ထုတ်ကုန်လိုင်စင်ကြေး တင်လိုက်တဲ့ ကိစ္စက အဓိက ကျပါတယ်။ လက်ရှိ Qualcomm ပေါ် မှီခိုမှုက Apple အနေနဲ့ ယာယီသဘောဖြစ်နိုင်ပါတယ်။ ဒါကလည်း Intel ဆီက သတ်မှတ်ကာလအတွင်းမှာ 5G chips တွေ မရတာကြောင့် Qualcomm နဲ့ အဆင်ပြေအောင် ညှိလိုက်တာပါ။
Apple ဟာ Intel ရဲ့ 5G modem စီးပွားရေးတစ်ခုလုံးကို ဝယ်ဖို့လည်း ရှိနေတာကြောင့် iPhone ၊ iPads နဲ့ တစ်ခြား ထုတ်ကုန်သစ်တွေအတွက် ကိုယ်ပိုင်စိတ်ကြိုက်ဒီဇိုင်းထုတ်နိုင်တဲ့ modems တွေ တည်ဆောက်နိုင်ဖို့ ရှိပါတယ်။