Xiaomi ဟာ Surge S စီးရီး ကိုယ်ပိုင် chipset ထုတ်လုပ်မှု စီမံကိန်းကို ဆက်လုပ်သွားတော့မှာ မဟုတ်ဘူးလို့ သတင်းထွက်နေပါတယ်။
၂၀၁၇ ခုနှစ်က Xiaomi ဟာ Surge S1 chipset ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ Surge chipset သစ်ကို Xiaomi ရဲ့ ကိုယ်ပိုင်သုတေသနလုပ်ငန်းခွဲ တစ်ခု ဖြစ်တဲ့ Beijing Pinecone Electronics ကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Surge S1 ထွက်ပြီးနောက်တစ်နှစ်မှာ Surge S2 သစ်ကို MWC2018 ပွဲမှာ မိတ်ဆက်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် တကယ်တမ်း မိတ်ဆက်လာခြင်း မရှိခဲ့ပါဘူး။
Photo: gizmochina
နောက်ပိုင်းမှာလည်း Xiaomi ဟာ ထိုင်ဝမ် Semiconductor ထုတ်လုပ်ရေးကုမ္ပဏီ TSMC နဲ့ ပူးပေါင်းထုတ်လုပ်သွားဖို့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ဘာမှမထူးခြားခဲ့ပါဘူး။ Xiaomi Mi 5C ဟာ Surge S1 chipset ကို သုံးတဲ့ တစ်ခုတည်းသော စမတ်ဖုန်းဖြစ်ခဲ့ပြီး ဒီဖုန်းကို တရုတ်ဈေးကွက်မှာပဲ ဖြန့်ချိခဲ့တာပါ။
Xiaomi ဟာ စမတ်ဖုန်း chipset တွေအတွက် Qualcomm နဲ့ MediaTek တို့အပေါ် မှီခိုနေရတာ ဖြစ်ပါတယ်။ Surge S1 ဟာ Qualcomm နဲ့ MediaTek chipset တွေအစား သုံးဖို့ ရည်ရွယ်ခဲ့တာပါ။ ကမ္ဘာပေါ်မှာ ကိုယ်ပိုင် custom chipset ထုတ်တဲ့ ဖုန်းကုမ္ပဏီအနေနဲ့ Samsung ၊ Apple နဲ့ Huawei တို့ပဲ ရှိထားတာလည်း ဖြစ်ပါတယ်။
Photo: gsmarena
ကိုယ်ပိုင် chipset ထုတ်တဲ့ စီမံကိန်းဟာ ရှုပ်ထွေးခက်ခဲပြီး အကုန်အကျများတာကြောင့် Xiaomi ဟာ ဒီစီမံကိန်းကို ရပ်နားလိုက်တာ ဖြစ်တယ်လို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး GizmoChina သတင်းက ဖော်ပြထားပါတယ်။ chipset ထုတ်လုပ်မှုအစား Xiaomi ဟာ စွမ်းအင်သုံးစွဲမှုနည်းပါးတဲ့ Bluetooth chip ၊ RF chips နဲ့ တစ်ခြား အသေးစားပစ္စည်းအစိတ်အပိုင်းတွေပဲ အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။
Xiaomi ဟာ ၂၀၁၈ ခုနှစ်ကစပြီး ကိုယ်ပိုင် chipset ထုတ်လုပ်မှုအခြေအနေနဲ့ ပတ်သက်လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ခြင်းမပြုလုပ်ခဲ့ပါဘူး။