ဆန်းသစ်လကတော့ အပျိုကြီး စားသောက်ကုန် အလုပ်ကို ဦးဆောင်လာရတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြလာပါတယ်။
Photo: San Thit La
အဆိုတော် ဆန်းသစ်လကတော့ ခင်ပွန်းဖြစ်သူနဲ့ လက်တွဲပြီး စီးပွားရေးလုပ်ငန်းတွေ ဦးစားပေး လုပ်ကိုင်လာ တာ တွေ့ရပါတယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ စီးပွားရေးဘက်ကို လုပ်လာရတဲ့အချိန်မှာ မတူညီတဲ့ အတွေ့အကြုံတွေရတယ်လို့ Duwun ကနေ ပြောလာပါတယ်။
“ လူတိုင်းက အမှားနဲ့ မကင်းပါဘူး။ စစလုပ်တဲ့အချိန်မှာ အမှားဆိုတာတော့ ရှိတာပါပဲ။ ညီမဆိုလည်း စားသောက်ကုန် စလုပ်တဲ့အချိန်မှာ အမှားလေးတွေရှိတယ်။ ကိုယ့်ရဲ့ အရသာထိန်းနိုင်မှုကအစ အခေါက် ခေါက် အခါခါ လုပ်ခဲ့ရတာမျိုးတွေရှိတယ်။ အဓိက ကတော့ အမှားကိုခွန်အားယူပြီးတော့ အကောင်းဆုံးဖြစ်အောင် ထပ်ကြိုးစားရမှာပေါ့။ ငါးပိကြော် ငါးခြောက်ကြော် မြန်မာအစားအစာလေးတွေပေါ့နော်။ အစပ်အဟပ်တည့်အောင် ဘယ်လို လုပ်ရတယ်ပေ့ါ။ ပြီးတော့ညီမဆိုရင်လည်း စားသုံးသူရဲ့ ကျန်းမာရေးအတွက်က အစ အများကြီး ဂရုစိုက်ရပါတယ်” လို့ သူကဆိုပါတယ်။
ဆန်းသစ်လဟာ အပျိုကြီး ဆိုတဲ့နာမည်နဲ့ငါးပိကြော်၊ငါးခြောက်ကြော် ရောင်းတဲ့လုပ်ငန်းကို စတင်ခဲ့တာ (၅) လသာရှိသေးတယ်လို့ ဆိုပါတယ်။ သူမဟာ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ ခင်ပွန်းသည်ရဲ့ အလုပ်တွေမှာ ဝိုင်းကူနေတယ်လို့ ပြောပါတယ်။
“ အခုချိန်မှာ အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းညီမ အနုပညာအလုပ်တွေလည်း မလုပ်ဖြစ်ဘူး။ ညီမ အမျိုးသားကတော့ ကျောက်မြတ်လုပ်ငန်းလုပ်နေတာဆိုတော့ ကျောက်ဆိုင်လေးကို ဦးစီးပေး နေ ရတယ်။ နောက်တစ်ခုက “အပျိုကြီး” စားသောက်ကုန်လုပ်ငန်း တစ်ခုထပ်လုပ်ထားတယ်ဆိုတော့ အခု အဲဒါလေး နှစ်ခု လုပ်ဖြစ်နေပါတယ်” လို့ ဆက်လက်ပြောပြလာပါတယ်။
ဆန်းသစ်လက အခုဆိုရင် ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။ ရင်သွေးလေးက သမီးလေး ဖြစ်တာကြောင့်လည်း အရမ်းပျော်နေတယ်လို့သူက ဆိုပါတယ်။ ဆန်းသစ်လဟာ ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်း အဝိုင်း ကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ချစ်သူသက်တမ်း ၃ နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်အတွင်းက Western Park Ruby မှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။