ဗဟိုအလုပ်အမှုဆောင်ကော်မတီက တရားဝင်စာထုတ်ပြန်ခဲ့တာပါ။

လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခြင်းမခံရတဲ့ NLD ပါတီဝင်တစ်ချို့ကို ပါတီကနေထုတ်ပယ်ကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီကနေ့ သြဂုတ်လ(၂၆)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အဖွဲ့ဝင်တစ်ချို့အနေနဲ့ ရွေးကာက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ်လည်ကောင်း၊ အခြားပါတီကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်အရွေးခံမယ့် သူတွေရှိနေတာကြောင့် အဆိုပါ ပါတီဝင်တွေကို ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ 



“လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ်မပါတဲ့သူတွေပါ။ တချို့ကလည်းကိုယ်စားလှယ်လောင်းရွေးတာမပါပေမယ့် ဒေသခံတွေကထောက်ခံတဲ့သူတွေပေါ့။ ရွေးကောက်ပွဲကော်မရှင်ကလည်းကြေညာချက် ထုတ်ထားတယ်ရှိတယ်။ အခုလိုဝင်အရွေးခံမယ့်သူတွေက မိခင်ပါတီရဲ့ ကင်းရှင်းရမယ်။ မိခင်ပါတီက နှုတ်ထွက်ထားတယ်ဆိုတာရှိရမယ်ဆိုတော့ ကျွန်တော်တို့ကလည်း သူတို့အနေနနဲ့ ကင်းကင်းရှင်းရှင်းနဲ့ ဝင်ပြီးအရွေးခံနိုင်အောင် အခုလိုထုတ်ပယ်လိုက်တာပါ။ အားလုံး (၂၀)နဲ့ (၂၅)ဦးလောက်တော့ ရှိမယ်”လို့ NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က Duwun ကိုပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေအရ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေက ပါတီတစ်ခုတည်းရဲ့ အဖွဲ့ဝင်သာဖြစ်ရမယ်လို့ သိရပါတယ်။ အခုလို NLD ပါတီဝင်တွေအနေနဲ့ မိခင်ပါတီကနေ မနှုတ်မထွက်ရသေးဘဲ တခြားပါတီကိုယ်စားလှယ်လောင်းအဖြစ်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရမှာစိုးတဲ့အတွက် ပါတီကနေအခုလို ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ မုံရွာဦးအောင်ရှင်ကပြောပါတယ်။ 

 NLD ပါတီဝင်တွေအနေနဲ့ တခြားပါတီကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ အပေါ်မှာတော့ ကိုယ့်အခွင့်အရေးအရ ကိုယ်လုပ်တာဖြစ်လို့ ပါတီအနေနဲ့ မှတ်ချက်မပြုလိုဘူးလို့ ဆိုပါတယ်။ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ် (၁၁၄၃) ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။


Share

Loading Next Article...
က္က