MIT မှ ကွန်ပျူတာသိပ္ပံနဲ့AI သုတေသနပညာရှင်တွေဟာ အနာဂါတ်မှာ ကင်ဆာအကျိတ်လိုမျိုး ရောဂါတွေကို ရှာဖွေနိုင်မယ့် wireless GPS စနစ်တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။
ပါမောက္ခ ဒီနာကာတာဘီ (Photo: MIT News)
Global Positioning System လို့ခေါ်တဲ့ GPS ဟာ ကမ္ဘာကို လှည့်ပတ်နေတဲ့ ဂြိုလ်တုတွေရဲ့ အကူအညီရယူပြီး တည်နေရာနဲ့အကွာအဝေး ရှာပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ Google Maps လိုမျိုး Google app တစ်ခုမှာဆို နေရာတစ်ခု ရှာလိုက်တာနဲ့ကိုယ်ရောက်နေတဲ့ အရပ်နဲ့အဲဒီနေရာရဲ့ အကွာအဝေးကို သိနိုင်မှာပါ။ ဒီနည်းပညာမျိုးကို လူ့ကိုယ်ခန္ဓာထဲမှာပါ ထည့်သွင်း အသုံးပြုနိုင်မယ့် နည်းပညာတစ်ခု ထွက်လာပြီ ဖြစ်ပါတယ်။
ReMix လို့ခေါ်တဲ့ ဒီနည်းပညာကို ပါမောက္ခ ဒီနာကာတာဘီ ဦးဆောင်တဲ့ MIT ကွန်ပျူတာသိပ္ပံနဲ့AI သုတေသီတစ်စုက တီထွင်ခဲ့တာ ဖြစ်ပြီး in-body GPS စနစ်နဲ့ကိုယ်တွင်း အစိတ်အပိုင်းများရှိရာနေရာကို လမ်းညွှန်နိုင်မှာပါ။ လက်ရှိ ဆေးကုသရေးနယ်ပယ်မှာတော့ ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်ဖို့ကင်မရာတွေနဲ့လည်ချောင်းထဲ ထည့်ပြီး ကြည့်ရတာ ဖြစ်ပါတယ်။
ယခု GPS နည်းပညာသစ်မှာတော့ ကိုယ်တွင်းထဲကို ဆီလီကွန်လိုမျိုး အစိတ်အပိုင်းတစ်ခု ထည့်သွင်းပြီး ပြင်ပကနေ ဒီပစ္စည်းကို ခြေရာခံနိုင်မှာပါ။ ဒီနည်းနဲ့အကျိတ်လိုမျိုး ရောဂါရှိရာကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ReMix နည်းပညာမှာတော့ ဂြိုလ်တုစနစ် မသုံးဘဲ ကြိုးမဲ့နည်းပညာသုံးထားတာပါ။
သုတေသီတွေဟာ တိရစ္ဆာန်တစ်ရှုးများအပြည့်ထည့်ထားတဲ့ ထွင်းဖောက်မြင် ဗူးတစ်ခုထဲမှာ အကျိတ်တုတစ်ခုနဲ့ဆက်သွယ်ထားတဲ့ ရောင်ပြန် တည်နေရာပြပစ္စည်းတစ်ခု ထည့်သွင်းပြီး စမ်းသပ်ခဲ့တာပါ။ သဘာဝအားဖြင့် ခန္ဓာအရေပြားဟာ ရေဒီယို signal များ မထိုးဖောက်နိုင်အောင် ဟန့်တားနိုင်တာကြောင့် MIT သုတေသီများဟာ အရင်ကထက် အဆပေါင်း သန်း ၁၀၀ ဝန်းကျင် ပိုအားကောင်းတဲ့ အချက်ပြစနစ်ကို သုံးထားတယ်လို့ဆိုပါတယ်။
Photo: SmellGists
ဒီရေဒီယို signal များဟာ အကျိတ်မှတ်ထားတဲ့ နေရာကို ၁.၄ စင်တီမီတာအထိ အနီးစပ်ဆုံး ညွှန်ပြနိုင်ခဲ့ပါတယ်။ တစ်ချိန်မှာတော့ ဆေးဝါးကို ခန္ဓာအတွင်း လိုရာနေရာ အတိအကျဆီ အရောက် ဖြန့်ရာမှာ ReMix နည်းပညာကို အသုံးပြုနိုင်မယ်လို့သုတေသီများက ဆိုပါတယ်။