အသက် ၆၅ နှစ်အရွယ် အမေရိကန်အမျိုးသားကြီးတစ်ဦးဟာ ၎င်းရဲ့နေအိမ်ကို ဖောက်ထွင်းသူတွေ မဝင်ရောက်နိုင်ရန် ကိုယ်တိုင် ထောင်ချောက်ဆင်ထားခဲ့တဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
(Photo: Reuters)
အမေရိကန်နိုင်ငံ မိုင်နီပြည်နယ် ဗန်ဘူရင်မြို့ငယ်မှာနေထိုင်သူ ရော်နယ်က ၎င်းဟာ သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံ ဖုန်းခေါ်ဆိုပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှာတော့ နေအိမ်အတွင်းဝင်ရန် ကြိုပမ်းသူတွေကို ပစ်ခတ်ရန်စီစဥ်ထားပြီး သေနတ်အတိုတစ်လက်ဖြင့် ထောင်ချောက်ဆင်ထားတဲ့ တံခါးတစ်ချပ်ကို တွေ့ခဲ့ရပါတယ်။
ကနေဒါနိုင်ငံ နယူးဘရွန်စ်ဝစ်ခ်ပြည်နယ်နဲ့ နယ်စပ်အနီး ဗန်ဘူရင်မြို့ရှိ ရဲတပ်ဖွဲ့ရဲ့အဆိုအရ နိုဝင်ဘာ ၂၈ ရက် မနက်အစောပိုင်းမှာ မြိုခံအမျိုးသားတစ်ဦးက သေနတ်ဖြင့်အပစ်ခံရကြောင်း အရေးပေါ်ဖုန်းလိုင်းကို ဆက်သွယ်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
(အခင်းဖြစ်နေရာအနီး မြင်ကွင်းတစ်ခု) (Photo: Google Street View/Sky News)
"အသေအချာ စစ်ဆေးပြီးတဲ့နောက် မစ္စတာရော်နယ်ဟာ သူကိုယ်တိုင် တပ်ဆင်ထားခဲ့တဲ့ သေနတ်ထောင်ချောက်ရဲ့ သေနတ်တစ်လက်ကနေ ကျည်ဆန် မတော်တဆထွက်သွားရာက ထိမှန်သေဆုံးခဲ့တာလို့ ကောက်ချချက်ရပါတယ်၊ မစ္စတာရော်နယ်ဟာ အဲဒီ သေနတ်ဒဏ်ရာကြောင့်ပဲ သေဆုံးသွားခဲ့ပါတယ်" လို့ ဗန်ဘူရင်ရဲတပ်ဖွဲ့က Facebook မှာ ပြောထားပါတယ်။
ထောင်ချောက်ဆင်ထားတဲ့ သေနတ်ကို မည်သို့ ပြုလုပ်လိုက်မိတာကြောင့် ကျည်ဆန်ထွက်သွားခဲ့ကြောင်းကိုမူ အတိအကျ မသိရသေးပါဘူး။ ရဲတပ်ဖွဲ့က ရော်နယ်ရဲ့နေအိမ်မှာ နောက်ထပ် သေနတ်ထောင်ချောက်တစ်ခုကိုလည်း တွေ့ရှိခဲ့ရပြီး မိုင်နီပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ဗုံးရှင်းလင်းရေးအဖွဲ့ကို အကူအညီတောင်းခဲ့ကြောင်း သိရပါတယ်။
(Photo: EPA)
အမေရိကန်မှာ နေအိမ်ပိုင်ရှင်တွေက ထိုသို့သော ထောင်ချောက်များတပ်ဆင်ထားလေ့ရှိပေမဲ့ တရားဝင် မဟုတ်ဘူးလို့ ဆိုပါတယ်။ ယခုကဲ့သို့ ထောင်ချောက်မိခဲ့တဲ့ အခြားဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း အိမ်ခြံမြေလုပ်ငန်း ရင်းနှီးမြှုပ်နှံသူအဖွဲ့တစ်ဖွဲ့က ဖီလာဒဲလ်ဖီးယားရှိ ၎င်းတို့ဝယ်ယူခဲ့တဲ့ နေအိမ်ကို သွားရောက်ကြည့်ရှုခဲ့ရာမှာ လှေခါးတစ်ခုမှာ ဓားဖြင့်ခုတ်ရန် စီစဥ်ထားတဲ့ ထောင်ချောက်ကိုတွေ့ခဲ့ရပါတယ်။
ယမန်နှစ် စက်တင်ဘာလအတွင်းက အီလီနွိုက်စ်ပြည်နယ်မှာ အမျိုးသားတစ်ဦးဟာ အိမ်နီးချင်းတစ်ဦးရဲ့ ဂိုထောင်ကိုဖွင့်ခဲ့ရာမှ ထောင်ချောက်ဆင်ထားတဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ဖူးပါတယ်။ အဆိုပါ ဂိုထောင်ပိုင်ရှင် အသက် ၄၈ နှစ်အရွယ် ဝီလီယမ်ဝက်စ်မွန်ကို ပထမဒီဂရီလူသတ်မှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။