In partnership with  logo
ကိုယ့်ဘဝကို အဆိပ်သင့်မှန်းမသိ သင့်နေတဲ့ အရာတွေက ဘာတွေဖြစ်မလဲ၊ ဒီလိုအဆိပ်သင့်စေတဲ့ အရာတွေကြောင့် ကိုယ့်ဘဝကို ဘယ်လောက် ထိခိုက်ခဲ့ပြီးပြီလဲ။

ကိုယ့်ရဲ့ ဘဝမှာ နေ့စဥ်လှုပ်ရှားရုန်းကန်နေရင်းကနေပဲ ဘဝကို အဆိပ်သင့်စေတဲ့အရာတွေ အများကြီး လုပ်တတ်ကြ၊ ပြုမူတွေးခေါ်တတ်ကြပါတယ်။ ဒီအရာတွေဟာ ကြည့်တော့သာ ဘာမဟုတ်တဲ့အရာလေးတွေလို့ ထင်နိုင်ကောင်း ထင်နိုင်စရာဆိုပေမယ့် တကယ်တော့ ဘဝကို ဖျက်ဆီးပစ်နိုင်တဲ့ အရာတွေပါပဲ။ ဒီအရာတွေကို လူတိုင်း လုပ်တတ်ကြ၊ ပြုမူတတ်ကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေက ပိုပြီး လုပ်တတ်ကြတဲ့ အရာတွေပါ။ ဒီလို အဆိပ်သင့်စေတဲ့ အရာတွေကြောင့် မဒီတို့ဟာ စိတ်ဓာတ်ကျရတာတွေ၊ မအောင်မြင်ရတာတွေ ဖြစ်တတ်ပါတယ်။ မသိသာပေမယ့် ဘဝကို ဖျက်ဆီးလိုက်နိုင်တဲ့ အဆိပ်သင့်အရာတွေက ဘာတွေဖြစ်မလဲ။

သံသယများတတ်ခြင်း

များသောအားဖြင့် မိန်းကလေးတွေဟာ သံသယဆိုတာကို ‌ေမွးကို မွေးထားတယ်လို့ ပြောရမှာပါပဲ။ သမီးရည်းစားအချစ်ရေးကစပြီး စီးပွားရေးလုပ်ငန်းတွေအထိမှာပါ သံသယများတတ်ကြတာ အမျိုးသမီးတွေရဲ့ ဗီဇလိုကို ဖြစ်နေတတ်ကြတာပါ။ Over Confidence ရှိကြတဲ့ မိန်းကလေးတွေတောင်မှာ အရာရာကို သံသယထားတတ်ကြပါတယ်။ မယုံကြည်စိတ်ထားတာက သိပ်အန္တရာယ်မများပေမယ့် သံသယတွေ များနေရင်တော့ ဒါဟာ အန္တရာယ်ရှိတဲ့ လက္ခဏာပါ။ သံသယဟာ လူကို သတ်နိုင်ပါတယ်။ စိတ်ကို မပျော်မရွှင်ဖြစ်စေပြီး အောင်မြင်မှုရရှိချိန်မှာတောင်မှ သံသယများနေတဲ့အတွက်ကြောင့် ကိုယ့်ကို ရာနှုန်းပြည့် အောင်မြင်မှုကို မခံစားရစေတော့ပါဘူး။ ဒါ့ကြောင့် သံသယများတတ်တဲ့ အကျင့်ကို တတ်နိုင်သမျှ ဖျောက်ထားကြဖို့ လိုအပ်ပါတယ်။

ကျရှူံးမှာကို တရားလွန်ကြောက်ခြင်း

မိန်းကလေးတော်တော်များများက ကျရှုံးမှာ ကြောက်တတ်ကြပါတယ်။ ယောက်ျားလေးတွေကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုတဲ့ စိတ်မျိုးရှိပေမယ့် မိန်းကလေးအများစုကတော့ ကျရှံးတဲ့ ဒဏ်ကို မခံစားနိုင်ကြပါဘူး။ ဘာမှ မလုပ်ခင်ကတည်းကကို ကျရှုံးမှာ ကြောက်နေကြတာဟာ စစ်မရောက်ခင် မြှားကုန်နေခြင်းသက်သက်သာ ဖြစ်ပါတယ်။ ဘယ်လုပ်ငန်းမှာမဆို ကျရှုံးမှု နဲ့ အောင်မြင်မှု ဆိုပြီး ကြုံတွေ့ကြရမှာ ဓမ္မတာပါပဲ။ တစ်ခါတလေမှာ ကျရှုံးမှုတွေက ကိုယ့်ကို နောက်ထပ်အောင်မြင်မှုများစွာ ရရှိလာအောင် ပံ့ပိုးပေးတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာကို လုပ်လုပ် ကျရှုံးမှာကို တရားလွန်ကြောက်နေပြီး ရှေ့မဆက်နိုင်ဖြစ်နေတဲ့ ဘဝကနေ ရုန်းထွက်လိုက်ပါ။

မကောင်းတဲ့လူတွေ အနားမှာထားခြင်း

မိန်းကလေးတော်တော်များများဟာ အားနာတတ်တဲ့ အကျင့်လေးတွေ ရှိပါတယ်။ ဒီအကျင့်ဟာ ဘယ်လောက်ထိ ဆိုးဝါးသလဲဆိုရင် ကိုယ့်အပေါ် မကောင်းတဲ့သူတွေမှန်းသိသိကြီးနဲ့ အားနာစိတ်နဲ့ ခေါ်ပြောဆက်ဆံနေတတ်ကြတာတွေက သာဓကပါပဲ။ ကိုယ့်အပေါ်မကောင်းတဲ့သူတွေဟာ ကိုယ့်ကို ချောက်ကျပြီး မကောင်းတဲ့လမ်းကို တွန်းပို့ချင်နေတဲ့သူတွေဟာ ကိုယ့်ဘဝပျက်စီးစေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကို မကောင်းနိုင်တဲ့၊ မကောင်းစေချင်တဲ့သူတွေဆိုတာကို သိသိရက်နဲ့ အားနာစိတ်တစ်ခုတည်းနဲ့တော့ ပေါင်းသင်းဆက်ဆံတာမျိုးတွေ လုပ်မနေပါနဲ့တော့။

အဆိုတော် ထွန်းရတီကတော့ ဘဝအတွက် အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကို ဘယ်လို ရှောင်ကြဥ်တတ်သလဲဆိုတာကို Duwun ကို ခုလို ပြောပြပါတယ်။

"ကိုယ့်ဘဝထဲ မကောင်းတဲ့အရာတွေကို အချိန်ကုန်ခံပြီး မသယ်မိအောင် အမြဲကြိုးစားတယ်။ ဘဝကို အဆိပ်အသောက်ဖြစ်မယ့်အရာတွေနဲ့ ခပ်ဝေးဝေးရှောင်လိုက်ပါ။ ဥပက္ခာပြုလိုက်ပါ။ အဓိက က စိတ်ကို အရင်တည်ငြိမ်အောင် ဘုရားတရားများများလုပ်ပါ၊ ကိုယ်နှစ်သက်တဲ့အရာ တစ်ခုခုကို ဦးတည်ပြီး လုပ်လိုက်ပါ။ ကိုယ့်အပေါ် ရှေ့တစ်မျိုး ကွယ်ရာတစ်မျိူးပြောတဲ့သူတွေကိုလည်း ရတီကတော့ ဥပက္ခာပြုလိုက်တယ်"

မကောင်းတဲ့အတွေးတွေ ဖယ်ထုတ်ပစ်ပါ

ကိုယ့်ရဲ့ ဘဝကို အဆင်မပြေစေမယ့်၊ ကိုယ့်ဘဝတက်လမ်းအတွက် ဆူးငြှောင့်ခလုတ်ဖြစ်စေမယ့် အတွေးမှန်သမျှ ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ဥပမာ - ငါက မိန်းကလေး ဖြစ်မှ ဖြစ်ပါ့မလား၊ ငါ လုပ်နေတာတွေက မှန်ပါ့မလား၊ ငါ့ကို ဘယ်သူတွေက ဘာပြောကြမလဲဆိုတာတွေကလည်း ကိုယ့်အတွက် မကောင်းတဲ့ အတွေးတွေပါပဲ။ ကိုယ့်အတွက် မကောင်းတဲ့ အတွေးတွေကို တတ်နိုင်သမျှ မတွေးဖို့ လိုအပ်ပါတယ်၊ ဘာလို့ ဒီစကားပြောရတာလဲဆိုတော့ မိန်းကလေး တော်တော်များများဟာ ကိုယ့်အတွက် မကောင်းတဲ့ အတွေးတွေကို တွေးတတ်ကြတဲ့ အကျင့်ရှိပါတယ်။ ကိုယ့်ကို တွန့်ဆုတ်စေမယ့် ကိုယ့်ဖြစ်တည်မှုကို ကိုယ်ကိုယ်တိုင် သံသယဖြစ်စေနိုင်တဲ့ အတွေးတွေဟာ ကိုယ့်ဘဝအတွက် အဆိပ်သင့်စေမယ့်အရာတွေပါပဲ။

အစီအစဥ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ အေးချမ်းပိုင်ကတော့ ဘဝကို အဆိပ်သင့်စေတဲ့အရာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတဲ့အကြောင်း Duwun ကို ခုလို ပြောပြပါတယ်။



"ကိုယ့်ဘဝကို အဆိပ်သင့်စေတဲ့ အရာတွေထဲမှာ ကိုယ်တိုင်ရဲ့ negative ဘက်သွားတဲ့ အတွေးတွေလည်း အပါအဝင်ပါပဲ။ အဲဒီလိုအတွေးတွေကိုတော့ အတတ်နိုင်ဆုံးမတွေးမိအောင်နေပြီး အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသင့်ပါတယ်။ ပြီးတော့ သာပေါင်းညာစား သူငယ်ချင်းတွေကလည်း ဘဝအတွက် အဆိပ်သင့်စေတဲ့ အရာတွေပါပဲ။ ကိုယ့်ရှေ့မှာကောင်းချင်ယောင်ဆောင်ပြပြီး နောက်ကွယ်အတင်းတုပ် ကိုယ့်ထက်သာသွားရင် မနာလိုတတ်တဲ့ သူတွေလည်း ပါပါတယ်။ အဲဒီလိုလူတွေကိုတော့ ခေါင်းထဲ မထည့်ဘဲ ကိုယ်ပေါင်းစိတ်ခွာနေသင့်တယ်လို့ အကြံပေးချင်ပါတယ်။"

ကိုယ့်ကိုယ်ကိုယ် ညှာတာခြင်း

အောင်မြင်တဲ့ ဘဝကို ရရှိချင်တာ သေချာတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ညှာတာတွေ လျှော့ဖို့လိုပါတယ်။ အလုပ်ပင်ပန်းမှာ စိုးတာ ၊ လုပ်ငန်းခွင် Stress တွေပိမှာကြောက်တာ ၊ ဟိုဟာ ဒီဟာ အကြောင်းပြပြီး ကိုယ့်ကိုယ်ကိုယ် ညှာနေရင်တော့ အောင်မြင်ဖို့လည်း ဝေးပါပြီ။ ကိုယ့်ကိုယ်ကိုယ် ညှာနေတာဟာ ကိုယ့်ကိုယ်ကိုယ် အောင်မြင်မှုမရအောင် ဖျက်ဆီးနေတာပါပဲ။ ဒီလိုမျိုး ကိုယ့်ဘဝအတွက် အဆိပ်ဖြစ်စေမယ့်အရာတွေဟာ သူတပါးဆီကလာတာတွေထက် ကိုယ်ကိုယ်တိုင် လုပ်နေတာတွေက ပိုများတာကြောင့် ကိုယ့်စိတ်ကို အထူးကြပ်မတ်ထားဖို့ လိုအပ်ပါတယ်။

လူတွေကို အလျော့ပေးပေါင်းခြင်း



နောက်ဆုံးတစ်ခုက လူတွေကို အလျော့ပေးပေါင်းသင်းတတ်တာတွေပါ။ လုပ်ငန်းခွင် ၊ သူငယ်ချင်းမိတ်ဆွေတွေကြားမှာ အားနာတတ်တဲ့စိတ်နဲ့သော်လည်းကောင်း၊ ချစ်လို့ ခင်လို့သော်လည်းကောင်း အရာရာကို တခြားသူ အလိုကျလိုက်လျောတာမျိုး ၊ အလျော့ပေးပေါင်းတာမျိုး လုပ်တတ်ကြပါတယ်။ တကယ်တော့ အဲဒါဟာ ကိုယ့်အတွက် ဆိုးဝါးတဲ့ အရာဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်မှုတွေ၊ စိတ်မကျေနပ်မှုတွေနဲ့ တစ်ယောက်တည်း ကျိတ်ခံစားနေရတဲ့ အဓိကတရားခံဟာ ဒီလို သူတပါးကို အလိုလိုက်ပြီး အလျော့ပေးပေါင်းနေတာတွေကြောင့် ဖြစ်တတ်ပါတယ်၊ ဒါ့ကြောင့် ကိုယ့်ရဲ့ ဘဝကို အဆိပ်အတောက်ဖြစ်စေမယ့် အပြုအမူ ၊ အပြောအဆို နဲ့ လူတွေ အားလုံးကို ဘဝထဲကနေ ထုတ်ပစ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါရစေ။ 

Share

Loading Next Article...
က္က