ကလေး အသက်(၂)နှစ်ရောက်တဲ့အထိ ငွေကြေးထောက်ပံ့မှာဖြစ်ပါတယ်။

ဧရာဝတီတိုင်း နဲ့ ရှမ်းပြည်နယ်ထဲက ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးဖွားလာမယ့်ကလေးငယ်ကို လာမယ့် စက်တင်ဘာလကစပြီး ငွေကြေးထောက်ပံ့မှုတွေပြုလုပ်သွားမယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး ကပြောပါတယ်။ 

 မိခင်ကိုယ်ဝန်ဆောင်ချိန်ကစပြီး ကလေးမွေးဖွားပြီး ကလေးငယ် အသက်(၂)နှစ်ရောက်တဲ့အထိ ငွေကြေးထောက်ပံ့မှာဖြစ်ပြီး၊ ဧပြီလ ၁ ရက်နေ့မှာ စတင်မွေးဖွားတဲ့ ကလေးငယ်တွေအကျုံးဝင်သလို ၊ ဧပြီ ၁ ရက်နေ့မှာ ကိုယ်ဝန်ရှိနေတဲ့ ကိုယ်ဝန်ဆောင် အားလုံးဟာ ဒီ ငွေကြေးထောက်ပံ့မယ့် MCCT အစီအစဉ်မှာအကျုံးဝင်တယ်လို့ သိရပါတယ်။

ဒီငွေကြေးထောက်ပံ့မယ့် အစီအစဉ်ဟာ ဒေသရဲ့ နေရာအားလုံးကို ရောက်ရှိမယ်ဆိုရင်တော့ ခန့်မှန်းခြေ ရှမ်းပြည်နယ်က အကျိုးခံစားခွင့်ရှိတဲ့အိမ်ထောင်စု ၄၈၇,၀၀၀ ခန့်၊ ဧရာဝတီတိုင်းထဲက အကျိုးခံစားခွင့် ရှိတဲ့ အိမ်ထောင်စု ၄၈၃,၀၀၀ ဝန်းကျင်ဟာ စီမံကိန်းအကောင်အထည်ဖော်မှုရဲ့ ပထမလေးနှစ်တာကာလအတွင်း အနည်းဆုံး ငွေသားလွှဲပြောင်းခြင်း တစ်ကြိမ်ကို လက်ခံရရှိနိုင် မှာဖြစ်တယ်လို့ သိရပါတယ်။  

ရှမ်းပြည်နယ်အတွင်း စာရင်းကောက်ယူမှုအား လိုက်လံ ကြည့်ရှုစစ်ဆေးနေစဉ်

“ ဒီအစီအစဉ်က ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ မွေးကင်းစကလေးငယ်တွေ အသက်(၂)နှစ်အထိကို သူတို့ရဲ့မိသားစု၊ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိစေမှာဖြစ်ပါတယ် ၊ဒါကြောင့် အာဟာရဆိုင်ရာ အခြေအနေအရ ထိခိုက်လွယ်တဲ့ဒေသတွေကို ဦးစားပေးသတ်မှတ်ပြီး ဆောင်ရွက်နေပါတယ်။"လို့ ဒေါက်တာစန်းစန်းအေး ကပြောပါတယ်။ 

ငွေကြေးထောက်ပံ့မှု အကျိုးခံစားခွင့်ရှိသူတွေဟာ တစ်လကို ကျပ် ၁၅,၀၀၀ ကျပ်နူန်းနဲ့ သုံးလပေါင်းပြီး တစ်ကြိမ် ၄၅၀,၀၀ ကျပ် ငွေလွှဲခြင်းကို လက်ခံရရှိမှာဖြစ်ပြီး ကလေးငယ်ရဲ့ ဘဝအစပထမဦးဆုံးရက်ပေါင်း ၁၀၀၀ ရှိတဲ့ ကလေး မိခင်တွေကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို လျှောက်ထားမယ်ဆိုပါက ဆေးရုံ ဒါမှမဟုတ် ဆေးခန်းတွေကနေ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှတ်တမ်း၊ ကလေးအကျိုးခံစားခွင့်ရှိသူတွေအတွက် ကလေးမွေးစာရင်း ဒါမဟုတ် ကာကွယ် ဆေးထိုးမှတ်တမ်းတွေနဲ့ မိုဘိုင်းဖုန်းကတဆင့် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ ၎င်းတို့ကနေမွေးဖွားလာတဲ့ကလေးတွေကို ကလေးအသက် ၂ နှစ်အထိ ငွေကြေးထောက်ပံံ့နေတဲ့ MCCT အစီအစဉ်ကို လက်ရှိမှာ ချင်းပြည်နယ်၊ ရခိုင်၊ ကယား၊ ကရင်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေမှာ စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က