သူမရဲ့ ကိုယ်ဝန်က အခုဆိုရင် ၅ လရှိပြီဖြစ်ပါတယ်။

အဆိုတော် ဆန်းသစ်လကတော့ ပထမဆုံး ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ သူမရဲ့ စိတ်နေစိတ်ထားလေးတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: San Thit La



ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ အဆိုတော် ဆန်းသစ်လက အခုဆိုရင်တော့ သူမရဲ့ ကိုယ်ဝန်ဟာ ၅ လ ရှိပြီလို့ သိရပါတယ်။ မိခင်လောင်းတစ်ယောက်အနေနဲ့ စိတ်နေစိတ်ထားပြောင်းလဲ မှုလေးတွေလည်း ဖြစ်လာတယ်လို့ Duwun Media ရဲ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့ပါတယ်။ 

“ လက်ရှိစိတ်ခံစားချက်လေးက ကိုယ့်အရှေ့မှာ ကလေးလေးတွေ တွေ့လည်း ပိုပြီးတော့ ချစ်တတ်လာတယ်။ မိခင်မေတ္တာကို ပိုပြီးတော့ နားလည်လာတယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကတော့ အများကြီးပဲ ကိုယ်က မိခင်လောင်းလည်းဖြစ်နေတော့ ကြိုတင်ပြင်ဆင်မှုတွေက အများကြီးပဲ။ စိတ် ဆိုလည်း အတတ်အကျ လွယ်တယ်။ စိတ်ခံစားချက်တွေပိုများတယ်။ ဝမ်းနည်းလွယ်တယ်။ ဒါလေးတွေကို အတတ်နိုင်ဆုံး ထိန်းဖြစ်တယ်” လို့ ဆိုပါတယ်။ 

Photo: San Thit La

ဆန်းသစ်လဟာ ရင်သွေးလေး နှစ်ယောက် ယူဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သူက ဆိုပါတယ်။ လက်ရှိ ဗိုက်ထဲက ကလေးလေးကိုလည်း အရမ်းတွေ့ချင်နေပြီလို့ ပြောပါတယ်။ 

“ ပထမဆုံးရင်သွေးလေးဆိုတော့ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ညီမကတော့ ချစ်မှာပါ။ ဒါပေမယ့် အစကတည်းက ရင်သွေး နှစ်ယောက်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် မိန်းကလေးတစ်ယောက်တော့ ပါစေချင်တယ်။ ကိုယ်တိုင်က မိန်းကလေးဆိုတော့ မိန်းကလေး အဖော် လိုချင်တယ်။ အခုဆိုလည်း ကိုယ်ဝန်ရင့်လာပြီဆိုတော့ ကလေးလေးရဲ့ ပုံစံကို ပိုမြင်ချင်တာပေါ့နော်။ သူ့ကို အရမ်းတွေ့ချင်နေပြီ။ မွေးဖို့ကလည်း ၄ လ၊ ၅ လလောက်လိုသေးတယ်။ သူ့ကို ပိုပြီးချစ်လာတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးတော့ ဂရုစိုက်ဖြစ်လာတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: San Thit La

COVID-19 ကာလဖြစ်တာကြောင့်လည်း ကိုယ်ဝန်ဆောင် တစ်ယောက်အနေနဲ့ ပိုပြီး ဂရုတစိုက်နေထိုင်ဖြစ်တယ်လို့ ဆန်းသစ်လက ပြောပါတယ်။ ပထမဆုံး ရင်သွေးလေးက မိန်းကလေးလား၊ ယောက်ျားလေးလား ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။ 

“ အခု လောလောဆယ်ကတော့ အပြင်သွားရင်တောင် မုန့်လေးဝယ်တာလောက်ပဲ ထွက်ဖြစ်တာ ဆေးရုံကိုတော့ မသွားရဲသေးဘူး။ ကိုယ်ဝန်ကလည်း ဘာလေးလဲဆိုတာကို အန်ထရာဆောင်း မရိုက်ရသေးတော့ မသိရသေးဘူး။ အခု အခြေအနေလေးတွေ တည်ငြိမ်သွားပြီဆိုတော့မှပဲ စစ်ကြည့်လိုက်တော့မယ်။ အခု ကိုယ်ဝန်က ၅ လရှိပြီဆိုတော့ နေတာထိုင်တာကအစ သိသိသာသာလေးတွေ ပြောင်းလဲလာတယ်။ အစစအရာရာ သတိထားနေရတယ်။ အထိုင်အထလေးတွေ သတိထားတယ်၊ ညဆိုလည်း ခဏခဏ နိုးတယ်။ အစားအသောက်ကလည်း အရမ်းဆင်ခြင်ရတယ်။ မွေးမယ့်ရက်ကတော့ ၉ လပိုင်းအကုန် ၁၀ လပိုင်း လဆန်းလောက် ဖြစ်မယ်ထင်တယ်။ ” လို့ သူကဆိုပါတယ်။ 

Photo: San Thit La

ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်း အဝိုင်း ကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ချစ်သူသက်တမ်း ၃ နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်အတွင်းက Western Park Ruby မှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က