ထူးထူးခြားခြား ခြေစွမ်းပြနေခဲ့တဲ့ သူတို့(၃)ဦးခြေစွမ်းက အသိအမှတ်ပြုဖို့ကောင်းပါသည်။

ကင်းပါဝါကွင်းကို ဘရန်ဒန်ရော်ဂျာ ရောက်လာပုံက နည်းနည်းတော့ ကသောကမျောနိုင်သည်။ ဗီချိုင်းရဲ့ အဖြစ်ဆိုးတွေကနေ ဖြူရယ်လ်က ရုန်းထွက်ပြမလိုလိုနဲ့ ပဉ္စလက်ဆန်ဆန်တွေ လုပ်ပြသွားခဲ့တာက မြေခွေးပြာတို့အတွက် နည်းနည်းတော့ ခါးသီးမှုတွေ ရောစွက်နေခဲ့သည်။ ဒီအချိန်မှာ ဆဲလ်တစ်ကနေ ရော်ဂျာရောက်လာတော့ သူလည်းပဲ ထူးမခြားနားပတ်ပျိုးကိုပဲ တေးသီမှာပါလို့ ထင်ခဲ့သူတွေက ဒုနဲ့ဒေး။

ဒီထဲမှာ ကျနော်လည်းပါသည်။ အထင်လည်းမကြီးခဲ့။ ဒါပေမယ့် (၅)ပွဲကိုင်တွယ်အပြီးမှာ (၄)ပွဲအနိုင်ရအောင် ရော်ဂျာက စွမ်းဆောင်ပြခဲ့ပြီးချိန်မှာ အကုန်လုံး အံ့အားသင့်ကုန်ကြရသည်။ ဒီလိုနဲ့ပဲ Foxes တွေက အဆင့် (၇)အထိ ရောက်သွားပြီး အိနြေ္ဒရရနဲ့ပဲ ပရီးမီးယားလိဂ်မှာ သူတို့စားကျက်နဲ့သူတိ့ု ပျော်မွေ့နေကြပြီလေ။

အသက် (၃၂)နှစ်ရှိပြီဖြစ်တဲ့ ဂျင်မီဗာဒီရဲ့ မီးဟုန်းဟုန်းတောက်မှုကလည်း လက်ဖျားခါစရာ။ ရော်ဂျာလက်ထက်မှာ သူက (၅)ပွဲကစားပေးအပြီး (၆)ဂိုးတောင် ယူပေးထားသည်။ ဖြူရယ်လ်လက်ထက်မှာ ငြိမ်သက်နေခဲ့သလောက် ရော်ဂျာနဲ့ ပေါင်းစည်းအပြီးမှာ ဗာဒီတောက်ပမှုက အကုန်လုံးကို ကျိန်းစက်သွားစေခဲ့သည်။

တစ်ရာသီလုံးမှာ မဖြစ်ထွန်းခဲ့သမျှ ဗာဒီက ရာသီသိမ်းခါနီးမှ အပြိုင်းအရိုင်းကစားပြနေတော့သည်။ မိုးလွန်မှထွန်ချသည်ဆိုသော်ငြား ဗာဒီကတော့ သူစိုက်တဲ့ အသီးအပွင့်တွေကို သူကိုယ်တိုင် အချိန်မီပြန်ရိတ်သိမ်းနိုင်ခဲ့သည်။ ဖေဖော်ဝါရီလအလယ်လောက်ကစပြီး ဒီအချိန်ထိ ဗာဒီရဲ့ ခွာသံလောက် ဘယ်တိုက်စစ်မှူးမှ မကျယ်လောင်နိုင်ခဲ့ကြ။

လာလီဂါကို လှမ်းကြည့်ရင် ဆဲလ်တာဗီဂိုက အက်စ်ပက်စ်ရဲ့ မီးစာက စပိန်တစ်နိုင်ငံလုံးတောင် လင်းလက်သွားမလားထင်စေရသည်။ ဒဏ်ရာတွေကို ခဝါချခဲ့ပြီး မြက်ခင်းစိမ်ထက်ဆီ အက်စ်ပက်စ်ပြန်ရောက်ရောက်ချင်းမှာပဲ သူက ဗီလာရီးရဲလ်ကို (၂)ဂိုးသွင်းပြလိုက်သည်။

လူစားလဲခံရပြီး အရန်ခုံမှာ ရှိနေပြီးနောက် အက်စ်ပက်စ်ကျခဲ့တဲ့ မျက်ရည်တွေက သူ့ကိုပိုလို့တောင် သတိထားမိစေခဲ့သည်။ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ အသင်းကို အချိန်မီ သူကယ်တင်ဖို့ ပြန်လာခဲ့ပုံက ဆိုင်းလည်းမဆင့်၊ ဗုံလည်းမဆင့်နှင့် တော်တော်လေးတော့ သိုက်မြိုက်နေတာ အမှန်။

ဟူစကာနဲ့ပွဲမှာ တစ်ဂိုး၊ မနေ့ညက ဆိုဆီဒက်နဲ့ပွဲမှာ (၂)ဂိုး သွင်းပြီး အက်စ်ပက်စ်ရဲ့ ပြန်လာမှုက ဆယ်လ်တာဗီဂိုအတွက်တော့ လက်မတင်ကလေးလို့ ဆိုရပေမည်။ (၃)ပွဲမှာ (၅)ဂိုးသွင်းပြီး အသင်းအတွက် (၇)မှတ်ရဖို့ ကူညီပေးခဲ့နိုင်ပြီးသည့်နောက် အက်စ်ပက်စ်အတွက် Respect ဆိုတဲ့စကားကလွဲပြီး တခြားပြောစရာစကားမရှိခဲ့။ လီဗာပူးလ်မှာ၊ ပရီးမီးယားလိဂ်မှာ ဘာမှမဖြစ်ခဲ့တဲ့ အက်စ်ပက်စ်အတွက်တော့ ဆဲလ်တာဗီဂိုက ခိုနားရာအမှန်၊ ဆယ်လ်တာဗီဂိုအတွက်တော့ အက်စ်ပက်စ်က သူရဲကောင်းတစ်ဦး။

စီးရီးအေမှာ ရော်နယ်ဒိုအသံတွေ ခေတ္တမှေးမှိန်ချိန်မှာ မွိုင်ကီးန်စ်အသံတွေက ဆူညံလွန်းသည်။ လူမျိုးရေးခွဲခြားတဲ့ အသံတွေကို ခဏလောက်ဘေးဖယ်ထားပြီး ကြည့်မယ်ဆိုရင်တောင် မွိုင်ကီးန်က ရွိုင်အိုလာအတွက်တော့ နောက်ဆုံးပေါ် အရည်အသွေးကောင်းကျောက်တစ်လုံးဖြစ်လာပြန်သည်။ အိုးလေဒီက စာချုပ်သစ်ချုပ်မယ်၊ မန်စီနီက အဇူရီတို့အတွက် ကိုယ်စားပြုခိုင်းမယ်၊ မွိုင်ကီးန်က ဂိုးတွေသွင်းပြမယ်။ ဒီဇာတ်လမ်းလောက် ပြီးပြည့်စုံတာ ဘယ်မှာမှမရှိ။ ဂျူဗီအတွက် ကစားပေးထားတဲ့ နောက်ဆုံးစီးရီးအေ (၅)ပွဲမှာ မွိုင်စ်ကီးန်က (၅)ဂိုး သွင်းပေးထားသည်။

(၁၉)နှစ်သား တစ်ယောက်ဆီက ဒီထက်ပိုပြီး ဘာတွေများ တောင်းဆိုရဦးမှာလဲ၊ ဘာတွေများ မျှော်လင့်နေဦးမှာပဲ။ ကျေကျေနပ်နပ်ကြီး လက်ခုပ်တီးပြဖို့ကလွဲပြီး ကျန်တာဘာမှမရှိတော့ပါ။ ရွိုင်အိုလာကတော့ သူ့ကစားသမားရဲ့ ဂိုးတွေကတစ်ဖက်၊ ယူရိုငွေပေါင်းများစွာကတစ်ဖက်နဲ့ အခုချိန်လောက်ဆို ဒူးနန့်ပြီး ပေသီးခေါက်နေပေတော့မည်။

နေ့တစ်နေ့ရဲ့ အလှပဆုံးအချိန်က နံနက်ခင်း အာရုဏ်တက်စအချိန် နဲ့ ညနေ နေဝင်ဆည်းဆာချိန်လို့ အားလုံးက လက်ခံထားကြသည်။ တောက်ပစပြုတော့မည့် နေခြည်နွေးနွေးနဲ့ အာရုဏ်ဦးက ကြိုဆိုချင်စရာကောင်းသလို တိမ်သားပြာပြာတို့အောက် ငုပ်လျှိုးတော့မယ့် လိမ္မော်ရောင်နေလုံး ပျောက်ဆုံးသွားမှာကလည်း နှမျောစရာ။ ဒီအခိုက်အအတန့်တွေကို အားလုံးလိုလိုက ကြည့်ချင်မိသည်။ ဖမ်းမိချင်သည်။

ဒီအတွက်လည်း တကူးတကစောင့်ကြည့်နေခဲ့ကြတာမဟုတ်လား။ ခင်ဗျားတို့ရော မီလိုက်ကြရဲ့လားမသိ။ ကျွန်တော်ကတော့ တတ်နိုင်သလောက် လက်ဖြန့်တားဆီးပြီး လိုက်ကြည့်မိသည်။ ဒါပေမယ့်လည်း အကုန်လုံးတော့ မမိခဲ့ပါ။ မှီခဲ့သလောက်လေးနဲ့တော့ ဒီရာသီ လက်ကျန်ဘောလုံးပွဲစဉ်တွေက တော်တော်လေးသာယာနေခဲ့ပါသည်။

Share

Loading Next Article...
က္က