ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၈ ရက်အထိ ထိုးနှံမှာပါ။

ဝက်သက်ရောဂါ ကပ်အသွင် ဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၇ မြို့နယ်မှာ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

Photo- MOI (၂၀၁၅ ခုနှစ်က မန္တလေးတိုင်းရှိ ကျေးရွာတစ်ရွာမှာ ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးစဉ်)

ဖေဖော်ဝါရီလ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာ ဝက်သက်နဲ့ ဂျိုက်သိုးရောဂါ အစုလိုက် ကာကွယ်ဆေးထိုးမယ့်အစီအစဉ်ကို တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူတွေကို ပြောကြားခဲ့တာပါ။



လှိုင်သာာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ ဝက်သက်ရောဂါ ကပ်အသွင် ဖြစ်ပွားနေပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ရောဂါဖြစ်ပွားမှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၈ ရက်အထိ အဆိုပါ ၇ မြို့နယ်မှာ နေထိုင်ကြတဲ့ အသက် ၉ လမှ ၁၅ နှစ်အထိ ကလေးဦးရေ ၆ သိန်းနီးပါးကို အစုလိုက် ကာကွယ်ဆေးထိုးနှံသွားမှာဖြစ်ပြီး ယခင်က ဝက်သက်ရောဂါကာကွယ်ဆေး ထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးကို ထပ်မံ ထိုးနှံရမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ ၂၀၁၈ ခုနှစ်အတွင်း ဝက်သက်ရောဂါဖြစ်ပွားသူဦးရေ ၆၄၆ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ဝက်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှာတော့ အသက် ၁၈ နှစ်ကနေ ၂၀ အထိ လူငယ်တွေမှာ ဖြစ်ပွားခဲ့ဖူးတယ်လို့လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဝက်သက်ရောဂါဟာ measles (ဝက်သက်) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ရောဂါဖြစ်နေသူက နှာချေ၊ ချောင်းဆိုးရာကနေ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် အခြားသူတွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ရောဂါဖြစ်ပွားပါက အဖျားကြီးခြင်း၊ ချောင်းဆိုနှာစေးခြင်း၊ ခန္ဓာကိုယ်မှာ အနီစက်များထွက်လာပြီး ရောဂါ ပြင်းထန်ပါက ပြင်းထန်စွာအဆုတ်ရောင်ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း၊ ဦးနှောက်ရောင်ခြင်းတွေ ဖြစ်ပေါ်တတ်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။

ဝက်သက်ရောဂါကာကွယ်ဆေး လုံးဝ မထိုးနှံရသေးတဲ့ အသက်ငါးနှစ်အောက် ကလေးတွေအနေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ သွားရောက်ထိုးနှံကြဖို့လည်း ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က