ပါကစ္စတန်နိုင်ငံက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ရုတ်တရက် နှင်းထုပြိုကျမှုပြီးနောက် နှင်းထုအောက်မှာ ၁၈ နာရီကြာ နစ်မြုပ်ရောက်ရှိနေခဲ့သူ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
(အသက်ရှင်လျက် ပြန်တွေ့ခဲ့ရသည့် ဆမီနာ) (Photo: Reuters)
နှင်းထုပြိုကျမှုအတွင်း သူမရဲ့ မိသားစုနေအိမ်ကို နှင်းများဖုံးလွှမ်းသွားခဲ့တာ ဖြစ်ပါတယ်။ နှင်းထုအောက်ရောက်နေတဲ့ နေအိမ်အခန်းတစ်ခန်းမှာ လဲကျပိတ်မိနေခဲ့တဲ့ ဆမီနာဘီဘီက အသံကုန်အော်ဟစ်ကာ အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။ သူမကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်) မှာ အသက်ရှင်လျက် တွေ့ရှိကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။
တနင်္လာနေ့ (ဇန်နဝါရီ ၁၃ ရက်) က ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရှိ Neelum တောင်ကြားမှာ ရာသီဥတုဆိုးရွားပြင်းထန်နေပြီးနောက် ရုတ်တရက် နှင်းထုပြိုကျမှုနဲ့ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ယမန်နေ့က သေဆုံးသူအရေအတွက် ၇၄ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက သေဆုံးသူတွေရဲ့ အလောင်းတွေကို ဆက်လက် ရှာဖွေနေကြကြောင်း ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။
(နှင်းထုပြိုကျခဲ့သည့် နေရာတစ်ခု) (Photo: AFP)
နှင်းထုပြိုကျမှုအတွင်း နစ်မြုပ်ခဲ့ပြီးနောက် ၁၈ နာရီအကြာမှာ အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့သူ ဆမီနာဟာ ကံကောင်းသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ "အဲဒီမှာတင် ကျွန်မ သေတော့မယ်လို့ ထင်ခဲ့မိတယ်" လို့ Muzaffarabad မြို့ရှိ ဆေးရုံးမှာ လိုအပ်တဲ့ဆေးကုမှုခံယူနေတဲ့ ဆမီနာက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။
ရုတ်တရက် နှင်းထုပြိုကျပြီး နေအိမ်ကိုဖုံးလွှမ်းသွားခဲ့မှုအတွင်း ဆမီနာရဲ့မိခင် ရှာဟ်နက်ဇ်နဲ့ မောင်ဖြစ်သူ အာမက်တို့ကိုတော့ အစောပိုင်းမှာ နှင်းထုထဲမှ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ နှင်းထုပြိုကျမှုအတွင်း ရှာဟ်နက်ဇ်ရဲ့ သားတစ်ဦးနဲ့ နောက်ထပ် သမီးတစ်ဦးကတော့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ရှာဟ်နက်ဇ်နဲ့ မောင်ဖြစ်သူ အာမက်တို့က ဆမီနာကိုလည်း အသက်ရှင်လျက် ပြန်ရှာမတွေ့နိုင်တော့ဘူးလို့ ထင်ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။
(ကက်ရှ်မီးယားမှာ နှင်းများထူထပ်စွာကျမှု) (Photo: Reuters)
ဆမီနာက ကယ်မယ့်သူကို စောင့်ဆိုင်းနေခဲ့ချိန်မှာ မအိပ်နိုင်ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ နှင်းထုအောက်မှာ နစ်မြုပ်နေခဲ့စဥ် သူမရဲ့ခြေထောက်ကျိုးသွားခဲ့ပြီး ပါးစမ်မှ သွေးများထွက်နေခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း ပါကစ္စတန်၊ အိန္ဒိယနဲ့ အာဖဂန်နစ္စတန်တို့မှာ နှင်းများထူထပ်စွာ ကျရောက်နေခဲ့ပြီး ရာသီဥတုဆိုးရွားပြင်းထန်မှုအတွင်း သေဆုံးသူအရေအတွက် ၁၀၀ ကျော်ရှိပြီလို့လည်း သိရပါတယ်။