မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ခရစ်စ်စမောလင်းဟာ သတ်သတ်လွတ်ပြောင်းစားခဲ့ပြီးနောက် ၎င်းရဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းအင်တွေ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စမောလင်းဟာ အသား၊ ငါး၊ ဥမျိုးစုံနဲ့ နို့ထွက်ပစ္စည်းအားလုံးကို စားသုံးခြင်းကနေ ရပ်တန့်ခဲ့ပြီးနောက် ကောင်းကျိုးတွေကို ခံစားနေရပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ တံကောက်ကြောကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး နောက်ဆုံးစမ်းသပ်မှုကနေ ၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ စက်ဘီးစီးလေ့ကျင့်ခန်းမှာ ကျွန်တော့်ရဲ့စွမ်းအင်ထွက်ရှိမှုက မြင့်တက်လာခဲ့ပါတယ်။ ခဏလေးအတွင်းမှာ ကျွန်တော် သန်မာလာပြီး ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရရှိလာပါတယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။
စမောလင်းဟာ ခြေထောက်ဒဏ်ရာကနေ ပြန်လည်သက်သာပြီးနောက် ဖူလ်ဟမ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားစာရင်းမှာ ပြန်လည်ပါဝင်လာသူဖြစ်ပါတယ်။ စမောလင်းက ၎င်းရဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာမှုဟာ ၎င်းရဲ့စားသောက်မှုပုံစံမှာ အသားတွေကို ရှောင်ခဲ့တဲ့အချိန်ကတည်းက ပိုမိုမြန်ဆန်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော် သတ်သတ်လွတ်မစားခင်ကနဲ့ အနီရောင်အသားတွေ စားသောက်တာကို ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းမှာ ကျွန်တော့်ရဲ့ အရွတ်ရောင်ယမ်းမှုနဲ့ ပွဲအပြီးမှာ ဒဏ်ရာကနေ ပြန်လည်သက်သာမှုက ကြီးကြီးမားမားတိုးတက်လာပါတယ်။ ကျွန်တော့်မှာ အချို့ရောဂါလက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် သတ်သတ်လွတ်စားခဲ့တဲ့အချိန်ကစပြီး အဲဒါတွေ လုံးဝ မခံစားရတော့ပါဘူး”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။