ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု အပြောင်းအလဲများ ဖြစ်လာပြီး Xiaomi ကို ပူးတွဲတည်ထောင်ခဲ့တဲ့ လေဂျန်ဟာ ဥက္ကဌရာထူးကနေ ဆင်းသွားပြီလို့ ဆိုပါတယ်။
ဥက္ကဌရာထူးယူထားတဲ့ မေလက စတင်ပြီး Xiaomi စမတ်ဖုန်းဈေးကွက်ရှယ်ယာကျဆင်းလာပြီးနောက် လေဂျန်ရဲ့ နေရာကို Redmi အထွေထွေမန်နေဂျာ လုဝေဘင်းက တာဝန်ယူတော့မယ်လို့ တရုတ်စီးပွားရေး သတင်းစာတစ်စောင် ဖြစ်တဲ့ Time Weekly က ဖော်ပြထားပါတယ်။ Xiaomi China အတွက် လုဝေဘင်းက ဥက္ကဌသစ် ဖြစ်လာပြီးနောက် လေဂျန်ကတော့ လက်ရှိရာထူးဖြစ်တဲ့ CEO နဲ့ chairman နေရာတွေမှာ တာဝန်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။
Photo: The Next Web
Xiaomi ကုမ္ပဏီအတွင်း ထိပ်တန်းဦးဆောင်သူ အပြောင်းအလဲမှာ စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက Xiaomi ပူးတွဲတည်ထောင်သူ လီဝမ်ကွင်းလည်း ကုမ္ပဏီက နှုတ်ထွက်သွားခြင်းပဲ ဖြစ်ပါတယ်။ လီဝမ်ကွင်းဟာ ကုမ္ပဏီရဲ့ ဈေးကွက်နဲ့ အမှတ်တံဆိပ်ဗျူဟာပိုင်း ဦးဆောင်နေသူပါ။ Xiaomi ရဲ့ အကြီးတန်း ဒုဥက္ကဌ ကွိယန်လည်း အလုပ်က အနားယူသွားပြီလို့ ကုမ္ပဏီအတွင်း ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ရှောဇီချူးဟာ Xiaomi ရဲ့ နိုင်ငံတကာစီးပွားရေးပိုင်း ဥက္ကဌအဖြစ် ရာထူးသစ်မှာ တာဝန်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။ စာထဲမှာတော့ " လာမယ့်နှစ်မှာ Xiaomi ရဲ့ 5G စီးပွားရေးပိုင်းအတွက် အကြပ်တွေ့မယ့် နှစ်တစ်နှစ် ဖြစ်နိုင်ပါတယ်။ Xiaomi ရဲ့ မိုဘိုင်းလ်ဖုန်းနဲ့ AIoT ပိုင်း မြှင့်တင်ဖို့အတွက် အရေးပါတဲ့ နှစ်တစ်နှစ်လည်း ဖြစ်နိုင်ပါတယ်" လို့ လေဂျန်က ပြောထားပါတယ်။
Photo: Caixin China
တရုတ်ပြည်တွင်းဈေးကွက်မှာ ဈေးကွက်ဝေစု ကျဆင်းနေပေမယ့် Xiaomi ဟာ နိုင်ငံတကာဈေးကွက်မှာ အားကောင်းနေဆဲပါ။ တတိယသုံးလပတ် စမတ်ဖုန်းတင်ပို့မှုရလဒ်များအရ Xiaomi ဟာ နိုင်ငံ ၄၀ ကျော်မှာ ပဥ္စမအကြီးဆုံး စမတ်ဖုန်းတင်ပို့သူအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။ အိန္ဒိယနဲ့ အနောက်ဥရောပဈေးကွက်တွေမှာလည်း Xiaomi ဟာ စမတ်ဖုန်းတင်ပို့မှုမှာ ပထမနဲ့ စတုတ္ထနေရာမှာ ရှိထားပြီး နှစ်အလိုက် ရောင်းအားတက်မှု ၉၁% နီးပါး ရှိနေပါတယ်။