ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ် ကာလရှည်ပစ်မှတ် ခီလီယန် အမ်ဘာပေကို မေလမှာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့အဖြေပေးစေချင်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။
အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်အသင်းကို မျက်လှည့်ပြခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ပဲရစ်မှာပဲ ဆက်နေဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူးရဲ့ တေ့ဖြုတ်ခြင်းကို ခံခဲ့ရပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းက စိတ်မနာနိုင်ဘဲ ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး The Athletic ရဲ့ ဇန်နဝါရီလတုန်းက ဖော်ပြချက်အရ စပိန်လာလီဂါထိပ်သီးအသင်းကြီးဟာ အမ်ဘာပေ ပဲရစ်ကို စွန့်ခွာဖို့ ဆုံးဖြတ်တဲ့အချိန်ကျရင် ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရတယ်လို့ ခံစားနေရကြောင်း သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ပြင်သစ်တိုက်စစ်မှူးက လီဝန်ဒေါစကီး၊ ချူအာမေနီ၊ မီလန် စခရီနီယာတို့ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ပေးခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက တစ်ယောက်မှ မခေါ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခုအပတ်မှာ ပီအက်စ်ဂျီအသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရမှုကလည်းက အမ်ဘာပေအတွက် လီဂူးဝမ်းချန်ပီယံတွေကို စွန့်ခွာဖို့အတွက် စဉ်းစားရာမှာ အဓိက အကြောင်းအချက်တွေထဲက တစ်ခုအဖြစ် ပါဝင်နေမှာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းက အမ်ဘာပေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို လာမယ့်မေလမှာ ရှင်းလင်းတဲ့အဖြေပေးစေချင်နေတာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းမတိုးဘူးဆိုရင် လာမယ့်နွေရာသီမှာ ရောင်းထုတ်ဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။