ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက အသင်းရဲ့ ကြယ်ပွင့် ကစားသမား အမ်ဘာပေအနေနဲ့ ပြင်သစ်မှာလောက် လွတ်လွတ်လပ်လပ် ကစားခွင့်မရတာ မှန်ကန်ကြောင်း ဖွင့်ဟပြောကြားလာပါတယ။ အမ်ဘာပေဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ သွားရောက်ပူးပေါင်းခဲ့ရပါတယ်။
ဒီလိုမျိုး သွားရောက်ပူးပေါင်းချိန်မှာ အမ်ဘာပေအနေနဲ့ ကလပ်အသင်းမှာထက် လက်ရွေးစင်အသင်းမှာ ပိုပြီး လွတ်လွတ်လပ်လပ် ကစားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် (၂၃) နှစ်အရွယ် အဆိုပါကြယ်ပွင့်ရဲ့ ပြောကြားမှုနဲ့ ပတ်သက်လို့ ဂဲလ်တီယာက ငြင်းဆန်ခဲ့ခြင်းမရှိဘဲ အမ်ဘာပေရဲ့ ပြောစကားကို လက်ခံကြောင်း ဖွင့်ဟခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ဒီကနေ့ညမှာ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲအဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲမတိုင်ခင်မှာ ဂဲလ်တီယာက “အမ်ဘာပေရဲ့ လေ့လာသုံးသပ်ချက်က မှန်ကန်ပါတယ်။ သူ့အတွက် လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းမှာလို တူညီတဲ့အနေအထားမျိုးမရှိပါဘူး။ ကျနော်တို့မှာရှိတဲ့ ကစားသမားတွေရဲ့ ပုံစံအရ တိုက်စစ်ပိုင်းမှာ အမ်ဘာပေအတွက် အကန့်အသတ်တွေရှိတာ မှန်ပါတယ်”
“ဒါပေမယ့် သူ့အနေနဲ့ လွတ်လွတ်လပ်လပ် ကစားခွင့် နည်းပါးတယ်လို့တော့ ကျနော် မထင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ အမ်ဘာပေအတွက် ပီအက်စ်ဂျီမှာ နေမာနဲ့မက်ဆီတို့က ဂိုးဖန်တီးမှုတွေပြုလုပ်ပေးထားပေမယ့် အမ်ဘာပေကတော့ ဒီနှစ်ယောက်လုံးအတွက် ဘာဖန်တီးမှုမှ ပြန်လည်မပြုလုပ်ပေးထားဘူးလို့ အချက်အလက်တွေနဲ့ ဝေဖန်ခံနေရပါတယ်။
ပီအက်စ်ဂျီဟာ လက်ရှိချန်ပီယံလိဂ်မှာ အုပ်စုနှစ်ပွဲကစားပြီး နှစ်ပွဲလုံး အနိုင်ရရှိထားပါတယ်။ ဘင်ဖီကာနဲ့ တွေ့မယ့်ပွဲအတွက်တော့ ဂဲလ်တီယာက “ဘင်ဖီကာကို အနိုင်ယူဖို့အတွက်ဆိုရင် ကျနော်တို့ ပုံစံကောင်းပြသဖို့ လိုအပ်ပြီး ဖိအားတွေအောက်မှာ ကစားနိုင်စွမ်းရှိတာကိုလည်း ပြသရပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါသေးတယ်။