၁-၆ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး ၃ ဦးက ရှယ်ခြေစွမ်းပြခဲ့တာပါ။

ချန်ပီယံလိဂ်က ထွက်ခဲ့ရအပြီးမှာပဲ ပီအက်စ်ဂျီကတော့ အသားကုန်ပေါက်ကွဲနေပါတယ်။ လော်ရီယန့်ကို ၅ ဂိုးသွင်းခဲ့အပြီးမှာ မနေ့က ကစားခဲ့တဲ့ ကလာမောင့်နဲ့ပွဲမှာလည်း ၆ ဂိုးထပ်သွင်းပြီး ပြတ်ပြတ်သားသားအနိုင်ယူခဲ့ကာ လီဂူးဖလားကို ဆွတ်ခူးဖို့အတွက် သေချာသလောက်ဖြစ်သွားခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှူး ၃ ယောက်ကလည်း ခြေစွမ်းပြခဲ့ပါတယ်။ 

ပီအက်စ်ဂျီအတွက် ဂိုးတွေကို ဘတ်ပီနဲ့ နေမာတို့က ၃ ဂိုးစီသွင်းပေးခဲ့ကြပြီး မက်ဆီက ဖန်တီးမှု ၃ ကြိမ်အထိပြုလုပ်ပေးခဲ့ကာ ပြိုင်ဘက်အသင်းကို သူတို့ ၃ ဦးတည်းနဲ့ ရင်ဆိုင်နေရသလိုကိုကစားသွားခဲ့ပါတယ်။ မက်ဆီကတော့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှုအပိုင်းတွေမှာ တော်တော်လေးအားရစရာကောင်းနေပြီး နေမာနဲ့ ပိုပြီးအချိတ်အဆက်မိလာခဲ့ပါတယ်။

ဘတ်ပီကတော့ အသင်းရဲ့ နောက်ဆုံး ၂ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၉ ဂိုးအထိရှိခဲ့ပြီး ငါးဂိုးသွင်းကာ လေးကြိမ်ဖန်တီးပေးခဲ့ပါတယ်။ ဒီတိုက်စစ်အတွဲက ရာသီကုန်ခါနီးမှ အချိတ်အဆက်မိပြီး နားလည်မှုပြည့်၀လာတာက ပီအက်စ်ဂျီအတွက် နှမျောစရာပါပဲ။ ချန်ပီယံလိဂ်မှာသာ ဒီလိုပုံစံကို​ပြသခဲ့မယ်ဆိုရင် သူတို့ရဲ့ မျှော်လင့်ချက်တွေက အသက်ဝင်နိုင်ခဲ့ဖွယ်ရာရှိနေခဲ့ပါတယ်။ 

ပွဲစဉ် ၃၁ အပြီးမှာတော့ ပီအက်စ်ဂျီက ဒုတိယနေရာက ရန်းနက်စ်ကို ၁၅ မှတ်အထိဖြတ်တောက်ထားပြီးဖြစ်လို့ ဆုဖလားရယူနိုင်ဖို့က မလွဲဧကန်ပါပဲ။ ဒါပေမယ့် သူတို့အတွက် အမှတ်ပေးဖလားက အဓိကမဟုတ်ဘဲ ချန်ပီယံလိဂ်ဖလားရယူနိုင်ရေးကသာ အဓိကပစ်မှတ်ဖြစ်ခဲ့တာမို့ ဒီရာသီမှာ အောင်မြင်မှုမရရှိဘူးလို့ ယူဆမယ်ဆိုရင်တောင် ယူဆလို့ရပါတယ်။ 

Share

က္က