စပိန်နောက်ခံလူ ကူကူရယ်လာက ချဲလ်ဆီးအသင်းဖော် ပါးလ်မားကို ဒီည ကစားမယ့် ယူရိုဖိုင်နယ်ပွဲမှာ ပါဝင်ကစားစေလိုခြင်း မရှိကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပါးလ်မားက အင်္ဂလန်လက်ရွေးစင်ဖြစ်ပြီး စပိန်နဲ့ အင်္ဂလန်တို့ ဒီည ယူရိုဖိုင်နယ်မှာ ထိပ်တိုက်တွေ့ကြမှာပါ။
ပါးလ်မားက အင်္ဂလန်အတွက် ရွေးချယ်ခံလာရပေမယ့် ဒီနှစ် ယူရိုမှာ ပွဲကစားခွင့် များများစားစား မရရှိထားပါဘူး။ အဲ့ဒီအတွက်လည်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။
ကူကူရယ်လာကတော့ “ကျနော် ပါးလ်မားနဲ့ စကားတွေ ပြောဖြစ်ပါတယ်။ နောက်ဆုံးပြောခဲ့တာကတော့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပါ။ ပြီးခဲ့တဲ့ အဆင့်က ပွဲတွေအကြောင်းကို ကျနော်တို့ ပြန်ပြောဖြစ်ခဲ့ကြပါတယ်။ ကျနော့်အတွက်တော့ ပါးလ်မား ဝင်မကစားဘဲ အရန်ခုံမှာ ထိုင်နေရတာ ပိုကောင်းပါတယ်”
“သူက ဒီနှစ် ယူရိုမှာ အဲ့ဒီလောက် ကစားခွင့်မရထားပါဘူး။ ဒါပေမယ့် ပါးလ်မားကတော့ ပါးလ်မားပါပဲ။သူ့ရဲ့ ဘောလုံးဦးနှောက်က အရမ်းကို သွက်ပါတယ်။ သူ့ကို မြင်ရတာ ရာမဲလ်ကို မြင်ရသလိုပါ။ နှစ်ယောက်စလုံးက စတိုင်ချင်းတူတဲ့ ကစားသမားတွေပါ။ ပါးလ်မားကလည်း ဘာကိုမှ သိပ်ဂရုစိုက်တတ်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး”
“ချဲလ်ဆီး ထရိန်နင်ကွင်းမှာဆိုရင်လည်း သူ့ကို ရင်ဆိုင်ရတာ အခက်ခဲဆုံးပါ။ သူ ဘာလုပ်မယ်ဆိုတာကို ဘယ်လိုမှ ခန့်မှန်းလို့မရဘဲ လေ့ကျင့်ရေးကွင်းမှာဆိုရင် ကျနော် ပါးလ်မားကြောင့် တော်တော်လေး ဒုက္ခရောက်ခဲ့ရဖူးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။