အသင်းဖော်ဆာလာနဲ့ ကီတာတို့ထဲက တဦးနဲ့သာ တွေ့ဆုံရမယ့်အပေါ် ကြိုတင်ပြောဆိုခဲ့တာပါ။

အာဖရိကဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်း ဗိုလ်လုပွဲကို တက်ရောက်နိုင်လိမ့်မယ်လို့ တိုက်စစ်မှူးမာနေးက ပြောဆိုလိုက်ပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အသင်းတွေထဲက တသင်းအဖြစ် ဆီနီဂေါက ရှိနေခဲ့ပေမယ့် လက်ရှိမှာတော့ ကစားသမား ၉ဦးအထိ ကိုဗစ်ကူးစက်ခံထားရတယ်လို့ သိရကာ အဖွင့်ပွဲကို အဆိုပါကစားသမားတွေ လွဲချော်တော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာနေးက သူ့အသင်းဗိုလ်လုပွဲအထိ ရောက်မယ်လို့ ယုံကြည်နေပြီး ဆာလာပါဝင်နေတဲ့ အီဂျစ်၊ ကီတာပါဝင်နေတဲ့ ဂွီနီယာအသင်းတို့နဲ့ ဗိုလ်လုပွဲမှာ တပြိုင်နက်တည်းမကစားရတာက ကံဆိုးတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အသင်းဖော်နှစ်ဦးကို ကံကောင်းပါစေလို့လည်း မာနေးက ဗီဒီယိုကတဆင့် ဆုတောင်းပေးခဲ့ပြီး သူ့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

"ဗိုလ်လုပွဲမှာ အဲဒီအသင်း ၂ သင်းနဲ့ ကျနော်မဆုံတွေ့ချင်ဘူး၊ ကျနော့်ရဲ့ သူငယ်ချင်းကောင်းနှစ်ဦးအတွက်လည်း အထူးမက်ဆေ့ချ်ပေးပို့လိုက်ပါတယ်၊ နဘီကီတာနဲ့ မိုဆာလာတို့ ကံကောင်းကြပါစေဗျာ၊ ကံမကောင်းတာကတော့ ဗိုလ်လုပွဲမှာ အသင်းနှစ်သင်းနဲ့ မကစားရဘဲ တသင်းတည်းနဲ့ပဲ ရင်ဆိုင်ရမှာပါ၊ ဆီနီဂေါက ဗိုလ်လုပွဲမှာ ၁-၀ နဲ့ အနိုင်ရမှာဖြစ်ပြီး သူတို့ကံကောင်းပါစေလို့ပဲ ပြောချင်ပါတယ်၊ မကြာခင်မှာ တွေ့ကြပါမယ်" လို့ မာနေးက ပြောဆိုခဲ့ပါတယ်။ 

ဆာလာနဲ့ မာနေးတို့ကတော့ အာဖရိကဖလားပြိုင်ပွဲရဲ့ အကျော်ကြားဆုံးကစားသမား ၂ ဦးဖြစ်ပြီး ဆုဖလားရဖို့လည်း ရေပန်းစားနေသူတွေဖြစ်ပါတယ်။ ဆီနီဂေါဟာ လက်ရှိမှာ အဓိကကစားသမားတွေဖြစ်တဲ့ ဂိုးသမားမန်ဒီ၊ နောက်ခံလူကူလီဘလီတို့ ကိုဗစ်ကူးစက်ခံနေရလို့ ဇင်ဘာဘွေနဲ့ပွဲကို ပါဝင်နိုင်မှာမဟုတ်ဘဲ လွဲချော်ကြမှာဖြစ်ကာ နည်းပြဆစ်စီကတော့ သူ့အတွက် ခက်ခဲတဲ့အနေအထားမှာရှိနေတယ်လို့ ပြောဆိုခဲ့ပြီး ဇင်ဘာဘွေကို အနိုင်ယူနိုင်တဲ့ အင်အားရှိတယ်လို့တော့ ဆိုခဲ့ပါတယ်။ 

Share

က္က