ဆော်ဒီရဲ့ ဘီလျံနာမင်းသားက ချီးမြှင့်ခဲ့တာပါ။

ဆော်ဒီဘီလျံနာတဦးလည်းဖြစ်တဲ့ မင်းသား Alwaleed bin Talal ဟာ ဖလာမင်ဂိုအသင်းကို အနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့ အယ်လ်ဟီလယ်ကစားသမားတွေကို တစ်ဦးချင်းစီအတွက် ဆော်ဒီငွေ ရီယယ်တစ်သန်းဆီ ဆုချီးမြှင့်ခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အယ်လ်ဟီလယ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဖလာမင်ဂိုအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။ အယ်လ်ဟီလယ်အသင်းဟာ ဗိုလ်လုပွဲမှာ ဥရောပချန်ပီယံ ရီးရယ်လ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အဆိုပါမင်းသားဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းကို အမာခံအားပေးတဲ့သူဖြစ်ပြီး ဒီအသင်းဟာ ရော်နယ်ဒိုပါဝင်ကစားပေးနေတဲ့ အယ်လ်နာဆာအသင်းနဲ့လည်း ဆော်ဒီလိဂ်မှာ အကြီးမားဆုံးပြိုင်ဘက်ဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်းအနေနဲ့ ရီးရယ်လ်အသင်းနဲ့ ကစားမယ့် ဗိုလ်လုပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် ဒီလိုပမာဏတူညီတဲ့ လက်ဆောင်မျိုးကို ထပ်ပြီးပေးသွားဦးမယ်လို့ မင်းသား Alwaleed bin Talal က ကတိပေးခဲ့ပြီး ဗိုလ်လုပွဲအတွက် စိတ်ဓာတ်ခွန်အားပေးခဲ့ပါတယ်။ ဒါ့အပြင် ဆော်ဒီအားကစားဝန်ကြီးကလည်း အယ်လ်ဟီလယ်အသင်းကို ရီယယ် ၅ သိန်းပေးမယ်လို့ ပြောဆိုထားကြောင်းလည်း သိရပါတယ်။ 

ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဆော်ဒီအသင်းတွေဟာ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဂုဏ်ယူစရာကောင်းခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆော်ဒီအသင်းဟာ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းကို အနိုင်ရခဲ့တဲ့ တခုတည်းသောအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မော်ရိုကိုမှာကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က