အဘွန်လဟော်ကို ဘရူနိုဖာနန်ဒက်စ်က ပြန်လည်တုံ့ပြန်ခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူနဲ့ပတ်သက်လို့ ဝေဖန်ခဲ့တဲ့ အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်ကို ပြန်လည်ထိုးနှက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ လေးဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့နောက် အဘွန်လဟော်က ဘရူနိုဖာနန်ဒက်စ်က အဆိုးရွားဆုံး အသင်းဖော်တယောက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။



ဒါ့အပြင် ယူနိုက်တက်ကစားသမားတွေရဲ့ ကစားပုံကလည်း အပျော်တမ်းအဆင့်သာရှိကြောင်းနဲ့ ယူနိုက်တက်ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်း ဝေဖန်ပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အဘွန်လဟော်ရဲ့ပြောစကားတွေအပေါ်မှာ ပြန်လည်တုံ့ပြန်ခဲ့ပြီး အဘွန်လဟော်ရဲ့ ကစားသမားဘဝမှာလည်း လီဗာပူးကို ခြောက်ဂိုးပြတ်နဲ့ရှုံးနိမ့်ဖူးကြောင်း ပြောကြားခဲ့ပါတယ်။

အခု ဘရူနိုဖာနန်ဒက်စ်ကလည်း “အရိုးသားဆုံးပြောရရင် ဒါက ကျနော့်အတွက် စိုးရိမ်စရာမဟုတ်ပါဘူး။ အဘွန်လဟော်က ကျနော်နဲ့ တွဲကစားဖူးတာလည်း မဟုတ်ဘူးလေ။ အဲ့ဒီတော့ ကျနော် ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို သူလည်း မသိပါဘူး။ မနေ့ကပဲ ကျနော့်မိန်းမနဲ့ ဒီအကြောင်းကို ပြောဖြစ်ပါသေးတယ်”

“သူ့ကို ငါဘာလို့ အေးဆေးဖြစ်နေလဲသိလားလို့တောင် မေးလိုက်ပါသေးတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်က ကမ္ဘာ့ချန်ပီယံ၊ ဥရောပချန်ပီယံ၊ အင်္ဂလန်မှာ ဖလားအားလုံး ဆွတ်ခူးဖူးတဲ့ ချန်ပီယံ မာတာက ကျနော့်ကို မင်းက ငါမြင်ဖူးသမျှထဲ အကောင်းဆုံးကစားသမားပဲ၊ ဒီအတိုင်းသာဆက်သွား၊ ဒီအတိုင်းသာ ဆက်ကြိုးစား၊ တကယ်ပြောတာဆိုပြီး လာပြောပါသေးတယ်”

“တစုံတယောက်က ဒီလိုပြောပြီဆိုရင် ကျနော်က ဘယ်လိုလူစားမျိုးလဲ ခင်ဗျားတို့ သိမှာပေါ့။ ပျင်းစရာကြီးပါဗျာ။ ကျနော်က တောင်းဆိုမှု အရမ်းများတဲ့ ကစားသမားပါ။ ကိုယ့်ကိုယ်ကိုယ်လည်း တောင်းဆိုတယ်။ အသင်းဖော်တွေဆီကလည်း တောင်းဆိုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က