မန်စီးတီးကို လိုက်မမီနိုင်ဘူးလို့ ပြောခဲ့တဲ့အပေါ် ပြန်ပြောခဲ့တာပါ။

လီဗာပူးလ်အနေနဲ့ မန်စီးတီးကို လိုက်မီမှာမဟုတ်တော့ဘူးလို့ ပြောဆိုခဲ့တဲ့ ယာဂင်ကလော့ပ်ရဲ့ ပြောစကားအပေါ်မှာ မန်စီးတီးနည်းပြဂွာဒီယိုလာက သူ့အနေနဲ့ ကလော့ပ်ကို မယုံကြည်ဘူးလို့ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ လက်စတာကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ လီဗာပူးလ်အနေနဲ့ မန်စီးတီးကို ဖိအားတွေထပ်ပေးနိုင်မှာလားဆိုတဲ့ မေးခွန်းအပေါ် ကလော့ပ်က ရယ်မောပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ဂျာမန်လူမျိုးနည်းပြဟာ မန်စီးတီးနဲ့ ၉ မှတ်ကွာအနေအထားမှာ ရှိနေပြီး တပွဲကစားဖို့ကျန်ရှိနေသေးတာဖြစ်ပါတယ်။ လက်ကျန်ပွဲကိုသာအနိုင်ရခဲ့မယ်ဆိုရင် ၆ မှတ်ကွာအနေအထားမှာသာ ရှိနေတာ့မှာဖြစ်ပြိး အမှတ်ပေးဖလားအတွက်က ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေအနေကို ရောက်ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ်ကတော့ လိုက်မီဖို့ထက် သူတို့ကစားရမယ့်ပွဲတွေကိုသာ အနိုင်ရဖို့ အာရုံစိုက်တယ်လို့ ဆိုခဲ့ပါတယ်။ 


"သူတို့တွေ ကျနော်တို့ရဲ့ အသက်ရှူသံတွေကို ကြားနေရပြီလို့ ကျနော်ကတော့ မထင်ဘူး၊ ဒါပေမယ့် ကျနော်တို့က ကိုယ့်ပွဲကိုယ်အနိုင်ရဖို့ပဲ ကြိုးစားနေတာပါ၊ သူတို့ကို လိုက်မီမလားဆိုတာကိုတော့ ကျနော်သေချာမသိဘူး" လို့ ကလော့ပ်က ပြောဆိုခဲ့တာပါ။ ဒါပေမယ့် ဂွာဒီယိုလာကတော့ ကလော့ပ်ရဲ့ ပြောဆိုမှုကို ပြန်ပြီးတော့ ပညာသားပါပါတုံ့ပြန်သွားခဲ့ပါတယ်။ 


"သူ့အပေါ် ကျနော်မယုံကြည်ဘူး၊ သူလည်း ဒီလိုပဲထင်ပါတယ်၊ မဟုတ်ရင် သူက အခုလိုပြိုင်ဘက်မျိုးဖြစ်နေမှာမဟုတ်ပါဘူး၊ ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်ပါတယ်၊ ချန်ပီယံဖြစ်ဖို့အတွက်ဆိုရင် ပွဲတွေအများကြီးကစားပြီးတော့ အနိုင်ရမှဖြစ်မယ်ဆိုတာကို သူလည်း သိပါတယ်" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ 


လာမယ့်ပွဲတွေအဖြစ် မန်စီးတီးက နော်ဝှစ်ချ်နဲ့ ကစားရမှာဖြစ်ပြီး လီဗာပူးလ်ကတော့ ဘန်လေကို ရင်ဆိုင်ရမှာဖြစ်ကာ နှစ်သင်းစလုံး အဝေးကွင်းပွဲစဉ်တွေကို သွားရောက်ကစားရမှာလည်းဖြစ်ပါတယ်။ 

Share

က္က