ကလော့ပ်ထွက်သွားတဲ့အပေါ် ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကလော့ပ် လီဗာပူးကနေ ထွက်သွားတဲ့အကြောင်းကို ပြောပြရင်း မီဒီယာတွေရှေ့မှာ မျက်ရည်ကျလုမတတ်ဖြစ်ခဲ့ပါတယ်။ ကလော့ပ်ဟာ လီဗာပူးနည်းပြဘဝ နောက်ဆုံးပွဲအဖြစ် ဝုလ်ဗ်နဲ့ပွဲကို ကိုင်တွယ်ခဲ့ပြီးပါပြီ။



လီဗာပူးကို (၉) နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ကလော့ပ်ဟာ အသင်းကနေ နွေရာသီမှာ ထွက်ခွာမယ့်အကြောင်း အစောပိုင်းကတည်းက အသိပေးခဲ့ပါတယ်။ လီဗာပူးပရိသတ်တွေ၊ ကစားသမားတွေကလည်း ကလော့ပ်ရဲ့ လီဗာပူးနည်းပြဘဝ နောက်ဆုံးပွဲမှာ ကလော့ပ်ကို ဂုဏ်ပြု နှုတ်ဆက်ခဲ့ကြပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့အပြိုင်ဖြစ်ခဲ့ပြီး ကြားထဲမှာ တစ်ကြိမ် ဖောက်ထွက် ဗိုလ်စွဲခဲ့ပါသေးတယ်။ ကျန်တဲ့အကြိမ်တွေမှာတော့ ဂွါဒီယိုလာရဲ့ မန်စီးတီးကသာ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ကလော့ပ် ထွက်သွားတဲ့အပေါ် ဂွါဒီယိုလာက မျက်ရည်တွေနဲ့အတူ “ကျွန်တော် သူ့ကို အရမ်းလွမ်းနေမှာပါ။ ကလော့ပ်က ကျွန်တော့်ဘဝအတွက် တကယ်ကို အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို မန်နေဂျာတစ်ယောက်အနေနဲ့ နောက်တစ်ဆင့်ကို ရောက်စေခဲ့သူပါ”

“ကျွန်တော်တို့အကြားမှာ ကြီးမားတဲ့ လေးစားမှုရှိတယ်လို့ ထင်ပါတယ်။ သူ ပြန်လာမယ်လို့ ကျွန်တော် ခံစားမိပါတယ်။ သူ့ရဲ့ စကားလုံးတွေအတွက် ကျွန်တော် ကျေးဇူးအရမ်းတင်ပါတယ်။ သူက သူ့အသင်းနဲ့အတူ ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တာပါ။ အခြားအသင်းတွေကို ဒုက္ခပေးသလိုမျိုး သူ့အသင်းကို ဒုက္ခပေးဖို့ ကျွန်တော် မတတ်နိုင်ခဲ့ပါဘူး။ တကယ်ကို ခက်ခဲခဲ့တာပါ။ သူ့အတွက် အကောင်းဆုံးတွေဖြစ်ဖို့ ကျွန်တော် ဆုတောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

က္က