လီဗာပူးနဲ့ပွဲမှာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ပွဲချိန်ပြည့်ဦးဆောင်ကစားသွားခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ပွဲအပြီး ပြောကြားခဲ့တဲ့ စကားတွေအပေါ် လီဗာပူးနည်းပြ ကလော့ပ်က ဖွင့်ဟလာပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ရဲ့ဂိုးတွေနဲ့အတူ လီဗာပူးကို ၂-၁ ဂိုး အနိုင်ရရှိခဲ့ပါတယ်။
ဒါဟာ ယူနိုက်တက်အတွက် ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။ လီဗာပူးကတော့ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်ပွဲ (၃) ပွဲကစားပြီးချိန်မှာ နိုင်ပွဲတပွဲမှမရသေးဘဲ အမှတ်ပေးဇယားရပ်တည်မှုမှာ ယူနိုက်တက်အောက်ကို ရောက်ရှိသွားခဲ့ပါတယ်။ ကလော့ပ်ဟာ ယူနိုက်တက်ကိုရှုံးခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားတွေ အချိန်ဆွဲကစားခဲ့တဲ့အပေါ် မကျေမနပ်ဖြစ်ခဲ့ပါတယ်။
ပွဲအပြီးမှာလည်း ဘရူနိုဖာနန်ဒက်စ်နဲ့ ကွင်းအတွင်း နှစ်ယောက်တည်းစကားပြောဆိုခဲ့ပြီး ဒီအကြောင်းအရာတွေကို ကလော့ပ်က ဖွင့်ဟလာပါတယ်။ ကလော့ပ်က “ကစားသမားတယောက်နဲ့ စကားပြောဖူးသမျှထဲမှာ ဒါက ကျနော့်အတွက် အန္တရာယ်အကင်းဆုံးဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဘရူနိုဖာနန်ဒက်စ်လည်း ကျနော့်လိုမျိုး စိတ်ခံစားချက်ပြင်းထန်နေခဲ့လို့ပါ”
“လီဆန်ဒရိုမာတီနက်ဇ်က ကောင်းမွန်တဲ့ ရှင်းထုတ်မှုကို ပြုလုပ်ပြီးတဲ့နောက် ဘာမှလည်းမဖြစ်ဘဲ ကွင်းထဲမှာ လှဲချခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်လည်း အဲ့ဒါမျိုးလုပ်ရပ်တွေကို ဒီပွဲမှာ အတော်လေး လုပ်ခဲ့ပါတယ်။ ပြီးတော့ သူက ‘ကလော့ပ်ရေ ခင်ဗျားဆိုလည်း ဒါမျိုးလုပ်မှာပဲ’ လို့ ပြောသွားပါတယ်။ ဒါပေမယ့် ပွဲပြီးချိန်မှာတော့ ဒီကိစ္စတွေက ပြီးသွားပါပြီ”
“သူ့အနေနဲ့လည်း ဒီလိုမျိုးစကားပြောဖို့ လိုအပ်တယ်ဆိုပြီး ကျနော့်ကို ပြောခဲ့ပါတယ်။ အခု အားလုံး အဆင်ပြေသွားပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကလည်း ဒီပွဲမှာ ကွင်းအတွင်း မကြာခဏလဲကျခဲ့ပြီး ဒုတိယပိုင်းမှာလည်း လီဗာပူးရဲ့ ပင်နယ်တီဧရိယာထဲ ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပါသေးတယ်။