ကလေးအခွင့်အရေးလို့ ဆိုလိုက်ရင် UNCRC (အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်) မှာအချက်ပေါင်း (၄၀) ကျော်အထိ ဖော်ပြထားပေမယ့် အတိုချုပ်ပြောရရင်တော့ ရှင်၊ ဖွံ့၊ ကာ၊ ပါလို့ ခေါ်ကြပါတယ်။
Photo: the Asian Parents
ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေဆိုတာ ရှင်သန်ခွင့်၊ ဖွံဖြိုးခွင့်၊ ကာကွယ်ခွင့်၊ ပါဝင်ခွင့်တို့ ဖြစ်ပြီး ကလေးအခွင့်အရေးတွေကို အထူးဂရုစိုက်ပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ အလိုအပ်ဆုံးကတော့ ကလေးကို အနီးကပ်စောင့်ရှောက်ပေးရတဲ့ မိဘတွေကိုယ်တိုင်ကလည်း ကလေးမှာရှိတဲ့အခွင့်အရေးကို သိရှိပြီးတော့ ကိုယ်တိုင် မချိုးဖောက်မိစေအောင်၊ မထိခိုက်မိစေအောင် လုပ်ဆောင်ပေးရမှာပါ။
မိဘတွေကိုယ်တိုင်က ကလေးရဲ့ ဘယ်အခွင့်အရေးတွေကို ထိခိုက်စေနိုင်သလဲ။ ကလေးအခွင့်အရေးတွေ များစွာ ရှိတဲ့ထဲကမှ မိဘတွေရဲ့ အုပ်ထိန်းစောင့်ရှောက်မှု ပုံစံစနစ်က ကလေးရဲ့ အခွင့်အရေးတွေကို မသိမသာ ထိခိုက်နေတာတွေ ရှိတယ်လို့ ကလေးအခွင့်အရေးလေ့လာလှုပ်ရှားသူတွေက ဆိုပါတယ်။
ဘယ်အချက်တွေက ကလေးအခွင့်အရေးကို ထိခိုက်စေပါသလဲ။
Photo: Parent Circle
ရွေးချယ်ခွင့်မရတာ
အများဆုံးဖြစ်လေ့ဖြစ်ထရှိတာကတော့ ပထမဆုံးအနေနဲ့ Right to Choice ပါ။ ကလေးတွေရဲ့ ရွေးချယ်ခွင့်နဲ့ပတ်သက်ပြီး ကလေးအခွင့်အရေးကို ထိခိုက်နေတာပါ။
ရွေးချယ်ခွင့်မပေးဘူးလို့ဆိုရာမှာ ကလေးရဲ့ ပညာရေးလည်းပါဝင်သလို ကလေးရဲ့ အကြိုက်၊ ဝါသနာ၊ ကလေးတွေရဲ့ စိတ်ပါဝင်စားမှုတော်တော်များများကို ရွေးချယ်ခွင့်မပေးဘဲ မိဘကိုယ်တိုင် စီမံတာ၊ တွေကလည်း ကလေးရဲ့ အခွင့်အရေးကို ထိပါးစေနိုင်တာဖြစ်ပါတယ်။ ဥပမာ- တက္ကသိုလ် တက်ဖို့ ရွေးချယ်တဲ့နေရာမှာ ကလေးက သူဝါသနာပါတဲ့ ကျောင်းကို တက်ချင်တာထက် မိဘက သူတက်စေချင်တဲ့ ကျောင်းကို တက်ခိုင်းတာ၊ ဒါက ကလေးရဲ့ ဝါသနာကို လွတ်လပ်စွာ ရွေးချယ်ခွင့်မပေးတဲ့သဘော သက်ရောက်စေပြီး ကလေးရဲ့ အခွင့်အရေးကိုထိပါးစေနိုင်တာပါ။ နောက်ပြီး ကလေးကို ကစားစရာတွေ၊ အကျီတွေဝယ်ပေးတဲ့နေရာမှာ ကလေးရဲ့စိတ်သဘောဆန္ဒကို မမေးဘဲ ယောကျာ်းလေးဆိုရင် သေနတ်ကိုင်၊ ဓါးကိုင်ပြီး ကစားရမှာ၊ ဘောလုံးပဲကန်ရမှာ စသဖြင့် ယောကျာ်းဆိုရင် ယောကျာ်းလေးကစားနည်းတွေ အတိုင်းကစားရမယ်လို့ သတ်မှတ်တာမျိုး
မိန်းကလေးဆိုရင်လည်း ထမီဘဲ ဝတ်ရမယ်။ မိန်းကလေးအချင်းချင်းပဲ ပေါင်းရမှာ၊ ယောက်ကျားတွေနဲ့ မပေါင်းရဘူး အစရှိတဲ့ ပုံစံခွက် သွတ်သွင်းမှုတွေကြားမှာပဲ နေခိုင်းတာ၊ ကျားမရေးရာခွဲခြားပြီး ဆက်ဆံတာမျိုးတွေက ကလေးရဲ့ အခွင့်အရေးကို ထိခိုက်စေနိုင်တဲ့ ဖြစ်စဉ်တွေလို့ ဆိုနိုင်ပါတယ်။
ဘယ်ကလေးမဆို ကိုယ်ပိုင် ရွေးချယ်ခွင့်ရသင့်ရထိုက်တယ်လို့ ဆိုရပေမယ့် ကလေးကို ရွေးချယ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးတဲ့အခါမှာလည်း ကလေးရဲ့ စိတ်ပိုင်း၊ရုပ်ပိုင်း၊ အတွေ့အကြုံပိုင်းဆိုင်ရာ ကိုကြည့်ပြီး ရွေးချယ်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ- စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သေးတဲ့ကလေးတစ်ယောက်ကို အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်လုပ်ချင်လို့ ပေးလုပ်လိုက်တယ်မျိုး မဖြစ်သင့်ပါဘူး။ ကလေးကလည်း တကယ်လုပ်နိုင်တယ်။ တကယ်လည်းလုပ်သင့်တဲ့အရာဆို ပေးလုပ်လို့ရပါတယ်။
Photo: The Indian Express
မသိမသာ အကြမ်းဖက်တာ
ကလေးအခွင့်အရေးကို ထိပါးစေနိုင်တဲ့ နောက်တစ်ချက်ကနော့ မသိမသာနဲ့ အကြမ်းဖက်တဲ့ပုံစံမျိုးတွေ ဖြစ်နေတာပါ။အကြမ်းဖက်မှုမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ပုံစံမျိုးတွေ ရှိသလို စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ပုံစံတွေလည်း ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တယ်လို့ ဆိုရာမှာ ကလေးတွေကို မညှာမတာ လူမဆန်စွာရိုက်နှက်ဆုံးမတာ၊ ကလေးတွေကို ပြစ်ဒဏ်ပေးတဲ့အချိန်မှာ နေပူထဲ တစ်နေကုန်ရိုက်ခိုင်းတာ၊ ကြိုးတုပ်တာ၊ အပ်နဲ့ထိုးတာ စတာတွေက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပါ။ ဒီလိုမျိုးဆုံးမတယ်ဆိုတာ လုံးဝကို လွဲမှားတဲ့အပြုအမူပါ။
စိတ်ပိုင်းဆိုင်ရာမှာအကြမ်းဖက်မှုလို့ ဆိုရင် ဥပမာ- အိမ်တွင်းအကြမ်းဖက်မှုလို့ ပြောရမယ် မိဘတွေ ရန်ဖြစ်တဲ့အချိန်မှာ ကလေးကို ဒီတိုင်းထားထားပြီးတော့ ကလေးရှိတယ်ဆိုတာမျိုး မတွေးနေဘဲ ကလေးရဲ့ ရှေ့မှာ ရန်ဖြစ်နေတာတွေ၊ ကလေးရဲ့စိတ်ခံစားချက် ဘယ်လိုဖြစ်နိုင်သလဲဆိုတာကို မတွေးဘဲ လင်မယားအချင်းချင်း ဆဲရေးတိုင်းထွာတာ။ ကလေးကို ဆဲရေးတိုင်းထွားတာတွေက ကလေးကို စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်နေတဲ့ သဘောပါပဲ။
Photo: Getty Image
လျစ်လျူရှု ခွဲခြားဆက်ဆံတာ
ကလေးကို လျစ်လျုရှုတယ်လို့ ဆိုရာမှာ ခွဲခြားဆက်ဆံတယ်ဆိုတာကလည်း ကလေးကို လျစ်လျူရှုတာနဲ့ သက်ဆိုင်နေပါတယ်။ မိဘတွေကိုယ်တိုင်က တစ်ချို့သောနေရာတွေမှာ မောင်နှမအချင်းချင်းကို ခွဲခြားဆက်ဆံတာတွေ ရှိတတ်ပါတယ်။ မောင်နှမအချင်းချင်းမှာ အကြီးကို ပိုချစ်တာ၊ အငယ်ကို ပိုဦးစားပေးတာ မျိုးတွေလုပ်ရင် အချစ်မခံရတဲ့၊ ဦးစားပေးမခံရတဲ့ ကလေးမှာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ကလေးကို ငယ်လို့၊ ကြီးလို့ ၊အသားမဲလို့၊ အသားဖြူလို့ အစရှိတာတွေအပေါ် ခွဲခြားဆက်ဆံတာတွေကလည်း ကလေးအခွင့်အရေးကို ထိခိုက်နိုင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်
တစ်ချို့မိသားစု အသိုင်းအဝိုင်းမှာ ရှိတတ်ပါတယ်။ စနေသားဆို ဂြိုလ်ကောင်၊ သောကြာသားဆို စကားများတယ် စသဖြင့် ကြားဖူးနား၀ ရှိခဲ့တဲ့ စကားပုံတွေ အပေါ် မူတည်ပြီး ခွဲခြားဆက်ဆံတာမျိုးတွေကလည်း ကလေးအခွင့်အရေးကိုကို မသိမသာ ထိပါးစေနိုင်ပါတယ်။
Photo: Our Family
မိဘနဲ့ သားသမီးအကြား အခွင့်အရေးဆိုတာလိုလား
မိဘရှိတဲ့ကလေးဖြစ်ဖြစ် မိဘမရှိတဲ့ကလေးဖြစ်ဖြစ် နိုင်ငံမတူ၊ လူမျိုးမတူ ၊ ကျားမမတူ၊ ဘာသာမတူ ဘယ်လိုကလေးပဲ ဖြစ်ဖြစ် အသက် (၁၈) နှစ်အောက်ဆိုရင် ကလေးအခွင့်အရေးရှိတယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် ဖွံဖြိုးတိုးတက်မှု နောက်ကျနေပြီး ယဉ်ကျေးမှုကို ရှေ့တန်းတင်တတ်တဲ့ မြန်မာနိုင်ငံမှာတော့ မိဘနဲ့ သားသမီးအကြား ကလေးအခွင့်အရေးဆိုတာ လိုအပ်လားလို့ မေးခွန်းထုတ်တတ်ကြပါတယ်။
ဒီလို ပြဿနာက မြန်မာနိုင်ငံတင်မကဘဲ အာရှတိုက်အတွင်းက ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စတဲ့ ရိုးရုာယဉ်ကျေးမှုနဲ့ အခွင့်အရေးတွေနဲ့ ရောထွေးနေတတ်တဲ့ နိုင်ငံတွေမှာ အခွင့်အရေးဆိုတာ မလိုအပ်ဘူးလို့ မြင်တတ်ကြပါတယ်။ ကလေးအခွင့်အရေးဆိုတာ လိုအပ်သလားလို့ မေးခွန်းထုတ်ကြတဲ့အပေါ် ကလေးအခွင့်အရေးလှုပ်ရှားသူကိုထက်ဦးက
“ လူရယ်လို့ ဖြစ်လာရင် လူ့အခွင့်အရေးဆိုတာရှိသလို ကလေး၊ အမျိုးသမီး၊ LGBT ၊ မသန်စွမ်းတွေမှာလည်း အခွင့်အရေးတွေ ရှိပါတယ်။ ဒါပေမယ့်လူတွေက မြင်ကြပါတယ်။ သူတို့သည်လည်း သာမန်လူတွေပဲမလား ဘာလို့ အခွင့်အရေးတွေ ရှိတာလဲလို့ မေးတတ်ကြပါတယ်။တကယ်တော့ ဒါက ကလေး၊ အမျိုးသမီးဆိုပြိး တစ်ဆင့်နိမ့်တဲ့ အမြင်နဲ့ မြင်နေတာပါ။ မသန်စွမ်းဆိုလည်းမလုပ်နိုင်ပါဘူးဆိုတဲ့အမြင်နဲ့ ပြောကြတာပါ။ အခွင့်အရေးဆိုတာသည် သူများထက်ပိုအောင် ပေးလိုက်တာမဟုတ်ပါဘူး။ အမြင်မတူမှုတွေကို သာမန်လူတွေနဲ့ တန်းတူညှိလို့ရအောင် ကာကွယ်ပေးတဲ့အနေနဲ့ ဖြည့်ဆည်းပေးတဲ့အနေနဲ့ အခွင့်အရေးဆိုတာဖြစ်လာတာပါ။ မိဘနဲ့ကလေးပဲ အခွင့်အရေးမလိုဘူး။ သံယောဇဉ်နဲ့ပဲ သွားမယ်ဆိုတာမျိုးမဖြစ်သင့်ပါဘူး။” လို့ ဆိုပါတယ်။
ကလေးတွေရဲ့ အခွင့်အရေးကို ထိခိုက်မှုတွေ များလာရင် ကလေးမှာ ကြာလာရင် လူတော့မတိုးရဲတာ၊ သိမ်ငယ်စိတ်ဝင်တာ၊ ကြောက်ရွံ့နေတာ၊ မဦးဆောင်နိုင်တော့တာ ၊ တီထွင်ဖန်တီးမှုတွေ မရှိတော့တာ၊ ဆန်းသစ်တဲ့အတွေးအခေါ်တွေ မရတော့တာ ဖြစ်လာနိုင်ပြီး အကြမ်းဖက်ခံရမှုတွေ ကြုံရတဲ့ ကလေးဖြစ်ပါက နောက်ဆုံးမှာ ကိုယ်တိုင်က အကြမ်းဖက်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးကို ကလေးအခွင့်အရေးပြည့်ပြည့်၀၀ပေးပါ။ အခွင့်အရေးနဲ့ အလိုလိုက်မှု အကြား ထိန်းညှိနိုင်အောင် ကြိုးစားပါ။ ငယ်စဉ်က အခွင့်အရေးပြည့်ပြည့်၀၀ရတဲ့ ကလေးတစ်ယောက်ဟာ ကြီးလာတဲ့အခါ လူတော်လူကောင်းတစ်ယောက်ဖြစ်လာနိုင်မှာဖြစ်သလို နိုင်ငံလည်း ပိုပြီးဖွံဖြိုးတိုးတက်လာမယ်ဆိုတာ အသေအချာပါပဲ။
Share