၂၀၁၉ ခုနှစ်ရဲ့ ဘလွန်းဒီအောဆုအတွက် ဗန်ဒိုက်ကထိုက်တန်တယ်လို့ နည်းပြကလော့ပ်က မှတ်ချက်ပြုခဲ့ဖူးတဲ့အပေါ် မာနေးက စိတ်ခုနေတယ်လို့လည်း သိရပါတယ်။
လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှူးဆာဒီယိုမာနေးဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် အန်ဖီးလ်ကနေ ထွက်ခွာနိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ဇီဒန်းရဲ့ အဓိကပစ်မှတ်တစ်ခုအဖြစ် မာနေးက ရှိနေတယ်လို့ The Sun က ဖော်ပြခဲ့ပြီး ကစားသမားရဲ့ကိုယ်စားလှယ်တွေဟာ ရီးရဲလ်ဘက်ကချဉ်းကပ်မှုတွေကို ရရှိနေတယ်လို့လည်း သိရပါတယ်။
အသက် ၂၈ နှစ်အရွယ် ဆီနီဂေါတောင်ပံကစားသမာဟာ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ဘက်ကို ဂိုးသွင်းယူခဲ့ဖူးသူဖြစ်ပါတယ်။ France Football ရဲ့ ဖော်ပြချက်အရလည်း ရီးရဲလ်က မာနေးကို စောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့ပြီးတော့ ၂၀၁၉ ခုနှစ်ရဲ့ ဘလွန်းဒီအောဆုအတွက် ဗန်ဒိုက်ကထိုက်တန်တယ်လို့ နည်းပြကလော့ပ်က မှတ်ချက်ပြုခဲ့ဖူးတဲ့အပေါ် မာနေးက စိတ်ခုနေတယ်လို့လည်း ရေးသားခဲ့ပါတယ်။
မာနေးအနေနဲ့ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖလားရရှိခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပေမယ့် ဘလွန်းဒီအောဆုအတွက် ကလော့ပ်ရဲ့ မျက်နှာသာပေးခြင်းကို မရခဲ့တာလည်းဖြစ်ပါတယ်။ နောက်ထပ်အချက်တစ်ချက်အနေနဲ့တော့ COVID-19 ဖြစ်ပွားနေတဲ့ကာလအတွင်း အကျပ်အတည်းကြောင့်လည်း ပြောင်းရွှေ့နိုင်တာလို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။
မာနေးရဲ့ ဆီနီဂေါအသင်းဖော် မိုနာကိုကစားသမားကီတာဘလိတ်ကလည်း AS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ "သူ ရီးရဲလ်ကို ပြောင်းရွှေ့နိုင်ဖို့က အရာအများကြီးအပေါ်မူတည်နေတာပါ၊ သူ ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ ကျွန်တော်မသိဘူး၊ ဒီတစ်နှစ်အတွင်း ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ သူ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်ပါတယ်"
"သူ လီဗာပူးလ်မှာ အမြဲတမ်းနေနေမယ်လို့ ကျွန်တော်ကတော့မထင်ဘူး၊ သူ့အတွက် ဘယ်ဟာကကောင်းလဲ၊ သူဘာလုပ်ရမလဲ သူသိပါတယ်၊ သူ လီဗာပူးလ်က ထွက်ခွာဖို့ အရမ်းဆွဲဆောင်မှုရှိတာမျိုးတွေလည်း ရှိလာမှာပါ၊ အသင်းကြီးတစ်သင်းက သူ့ကို ကတိတွေပေးပြီး သူ့အတွက်စဉ်းစားစရာတွေဖြစ်လာပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပါတယ်။