နည်းမှန်လမ်းမှန်နဲ့ သင့်ကလေး အစားစားချင်စိတ်ဖြစ်လာအောင်ကျွေးဖို့လိုပါတယ်။

“ ထမင်းမစားရင် ဒေဝေါကြီးလာလိမ့်မယ်။ သရဲကြီး ကိုက်လိမ့်မယ်”  စတဲ့စကားသံတွေကို ငယ်စဉ်ကတည်းက ကြားဖူးမိကြမှာပါ။  ဒါတွေက ကလေးတွေကို ထမင်းကျွေးဖို့ ခက်ခဲ့တဲ့အချိန်မှာ မိဘတွေ ထုတ်သုံးကြတဲ့ ရှေးရိုးစွဲလာတဲ့ သမရိုးကျ နည်းလမ်းတစ်ခုပါပဲ။ ဒီလို ခြောက်လှန့်တာကကလေးတွေ အစားဝင်စေဖို့ လှုံဆော်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။ ဒါကြောင့်  ကိုယ့်ရဲ့ကလေးကို အာဟာရပြည့်ဝပြီး အစားအသောက်မှန်မှန်စားဖို့ ဖေဖေမေမေတို့ ဘာတွေလုပ်သင့်ပါသလဲ။



Photo : Freepik

သူတို့နားလည်နိုင်တဲ့ ပုံစံမျိုးနဲ့ ရှင်းပြပါ

ကလေးတွေ ထမင်းမစားတဲ့အခါ ခြောက်လှန်ပြီး ကျွေးတာမျိုးမလုပ်သင့်ပါဘူး။ သူတို့ နားလည်နိုင်တဲ့ နည်းလမ်းနဲ့ ပြောပြတတ်ရပါမယ်။  ထမင်းစားရင် ဘယ်လိုကျန်းမာတယ်၊ ဘယ်လိုအာဟာရဖြစ်တယ် ဆိုပြီး သူတို့ အရွယ်လေးနဲ့ သူတို့နားလည်နိုင်တဲ့ပုံစံမျိုးနဲ့ ဖြည်းဖြည်းချင်း ရှင်းပြပေးဖို့ လိုပါတယ်။

မဆာဘဲနဲ့ မကျွေးပါနဲ့

ကလေးက ဒီအချိန်မှာ စားကိုစားရမယ်ဆိုတာမျိုးထက် သူတို့ ဆာလောက်မယ့် အချိန်မှ ကျွေးတာမျိုးကို ပိုလုပ်သင့်ပါတယ်။

အစားအစာကို ချစ်ဖို့ကောင်းအောင်ဖန်တီးပါ

ကလေးတွေကို အစားကျွေးတဲ့အခါ ချစ်စဖွယ်ဖြစ်အောင် ဖန်တီးပေးတာကလည်း ကလေးတွေ အစားစာချင်စိတ်ဖြစ်လာစေတဲ့ နည်းလမ်းတစ်ခုပါ။ အစားအသောက်ကို တသမတ်တည်း ကျွေးတာမျိုးထက် အပြောင်းအလဲလေးဖြစ်အောင်၊ အရောင်လေးတွေစုံအောင် ကျွေးပါ။

Photo : Freepik

မိသားစုနဲ့ တူတူပေးစားပါ

သူ့ဘာသာသူ ထမင်းစားနိုင်တဲ့ အရွယ်ရောက်လာပြီဆိုရင်တော့ ကလေးကို အိမ်ရဲ့ မိသားစုထမင်းဝိုင်းထဲမှာ ထည့်ပြီးကျွေးပါ။ ထမင်းစားတဲ့အခါ ပေပွနေတယ်ဆိုလည်း လွှတ်ထားပေးလိုက်ပါ။

ထမင်းစားမှသာ အာဟာရဖြစ်တာမဟုတ်ပါ

ဒီနိုင်ငံမှာက ထမင်းက အဓိဖြစ်နေတဲ့အတွက် ကလေးက ထမင်းမစားဘဲ ကျန်တာအကုန်စားတယ်ဆိုရင်လည်း မိဘတွေအတွက် စိတ်ပူစရာဖြစ်နေတတ်ပါတယ်။ ထမင်းစားမှသာ အာဟာရဖြစ်မယ်လို့ မဆိုလိုပါဘူး။ တကယ်လို့ ကိုယ့်ကလေးက ထမင်းမစားဘဲ ကျန်တာအကုန်စားတယ်လို့ ဆိုရင်လည်း ကလေးစားတဲ့ အစားအစာတွေကို ကြည့်ပြီး အာဟာရဖြစ်အောင် လုပ်ပေးဖို့ လိုပါတယ်။ ကလေးစားချင်တဲ့ အစားအစာတွေက အာဟာရပြည့်ဝစေတဲ့ ကစီဓာတ်၊ အသားဓာတ်၊ ဗိုက်တာမင်အေ ဒါတွေပါတယ်ဆိုရင်တော့ ထမင်းမစားလည်း ပြဿနာမဟုတ်တော့ပါဘူး။ ထမင်းအစား ပေါင်မုန့်၊ခေါက်ဆွဲ အကုန်စားလို့ ရပါတယ်။

Photo : Freepik

တာရှည်ခံမုန့်တွေကျွေးတာမျိုး အကျင့်မလုပ်ပါနဲ့

ကလေးတွေ ကြိုက်တာစားဆိုတိုင်းလည်း  အသင့်စားအစားအစာတွေ၊ တာရှည်ခံမုန့်တွေ၊ အာဟာရမဖြစ်တဲ့ မုန့်တွေ ကျွေးတာမျိုး မလုပ်သင့်ပါဘူး။ ဒီလို တာရှည်ခံ မုန့်ထုတ်တွေက ကလေးတွေကို ဆွဲဆောင်စေတဲ့အပြင် မိဘတွေကလည်း အလိုလိုက်ပြီး ကျွေးမိတာတွေကြောင့်လည်း ကလေးက အာဟာရမဖြစ်တော့ဘဲ နောက်ဆက်တွဲ ရောဂါတွေ ရှိလာပါတယ်။ ဒါကြောင့် အသင့်စားမုန့်ထုတ်တွေ၊ အချိုရည်တွေ သောက်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ အဲဒီအစား  ဌက်ပျောသီး ၊ သင်္ဘောသီး၊ ပြောင်းဖူး၊ ကန်စွန်းဥ စတဲ့ အာဟာရ ဖြစ်တာတွေ ကျွေးသင့်ပါတယ်။

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် ပန်းလှိုင်အထူးကုဆေးရုံမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်နွယ်မှ အကြံပြုဝေမျှပေးထားခြင်းဖြစ်ပါသည်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က