စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့မှာ ဒီနေ့ ဇွန်လ ၁၄ ရက်နေ့လယ် ၁၂ နာရီကျော်လောက်က အင်အား ၅ အဆင့်ရှိ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
“ဒီကနေ့ မွန်းတည့် ၁၂နာရီလောက်က ငလျင်လှုပ်သွားတာပါ။ကလေးမြို့ အနောက်မြောက်ဘက် ၁၂မိုင်ခန့်အကွာလို့ ထုတ်ပြန်ထားပါတယ်။ သတိပြုမိတာတို့ သတင်းရရှိတာတို့တော့ မသိရဘူးလို့ အနီးတဝိုက်ကို လှမ်းမေးကြည့်တော့သိရပါတယ်။”လို့ မြေငလျင်ဌာနခွဲမှ ဒု- ညွှန်ကြားရေးမှူးဒေါက်တာ ယဉ်မျိုးမင်းထွေးက Duwunကိုပြောပါတယ်။
ကလေးမြို့ အနီးတစ်ဝိုက် နေထိုင်တဲ့ ဒေသခံတွေက ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရခြင်းမရှိဘူးလို့ ဆိုကြောင်း ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။
" ကျွန်တော်တို့ ကလေးမြို့ အနီးတစ်ဝိုက်ကို လှမ်းမေးတော့ ငလျင်လှုပ်တာကို သတိပြုမိတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။" လို့ ဆိုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဇွန် ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၀၅ မိနစ်၊ ၃၁ စက္ကန့်အချိန်က ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၄၆ မိုင်ခန့်ကွာဝေးတဲ့ ကလေးမြို့ရဲ့ အနောက်၊ အနောက် မြောက်ဘက် ၁၂ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၈၈ ဒီဂရီ၊ အနက် ၃၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅.၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်းဟားခါးမြေငလျင်စခန်းကနေ ချင်းပြည်နယ် ဖလမ်းမြို့အနီးကို ဗဟိုပြုပြီး နှစ်ရက်အတွင်း ငလျင်သုံးကြိမ်လှုပ်ခတ်မှုဖြစ်ပွားခဲ့ဖူးပါတယ်။
အဆိုပါ ဖလမ်းမြို့ အနီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကိုတော့ ကျောက်တော်၊မုံရွာ၊ဖလမ်း၊ ကလေးဝနဲ့ ဟားခါးတို့မှာ သိသိသာသာခံစားခဲ့ရပြီး ဟားခါးမြို့မှာတော့ အပျက်အစီးအနည်းငယ်ရှိခဲ့ပါတယ်။