ကလေးမီးဖွားပြီးကာစ အမျိုးသမီးတွေရဲ့ ပထမဆုံးအကြိမ်လိင်ဆက်ဆံမှုက အဆင်မပြေမှုတွေရှိတတ်တယ်ဆိုတာကို သတိပြုရပါမယ်။

ကလေးမီးဖွားခြင်းဟာ မိခင်တိုင်းအတွက် ကြောက်စရာအကောင်းဆုံးထိတ်လန့်မှုနဲ့ နာကျင်မှုကို ခက်ခက်ခဲခဲကျော်ဖြတ်ရတဲ့အချိန်ပါ။

Photo: Smart Parenting



ရံဖန်ရံခါမှာ ဒီစိုးရိမ်ကြောက်လန့်မှုက လိင်မှုကိစ္စကိုပါ ထိခိုက်မှုရှိစေနိုင်ပြီး လိင်ဆက်ဆံဖို့ကိုတောင် စိတ်ပျက်နေတာမျိုးဖြစ်တတ်ပါတယ်။ 

ကလေးမွေးဖွားချိန်က မိခင်ရောဖခင်ပါ မတူညီတဲ့စိတ်ပင်ပန်းမှုတွေကို ခံစားနေရတဲ့အချိန်ဖြစ်တာကြောင့် လိင်မှုကိစ္စမှာ စိတ်အာရုံလျော့နေတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း ကလေးမီးဖွားပြီးချိန်မှာ လိင်စိတ်ဆန္ဒဖြစ်ပေါ်တာမျိုးကိုတော့ တားဆီးချုပ်ချယ်တာမျိုးမလုပ်သင့်ပါဘူး။ အဓိက အချက်ကတော့ ကလေးမီးဖွားပြီး လိင်ကိစ္စပြန်လည်စတင်မယ်ဆိုရင် စနစ်တကျနဲ့ ဂရုတစိုက်ရှိဖို့လိုအပ်ပါတယ်။ 

မီးဖွားပြီး ပထမဆုံးပြန်လည်စတင်ချိန်မှာ အဆင်မပြေနိုင်

Photo: the Asianparent

ကလေးမီးဖွားပြီးကာစ အမျိုးသမီးတွေရဲ့ ပထမဆုံးအကြိမ်လိင်ဆက်ဆံမှုက အဆင်မပြေမှုတွေရှိတတ်တယ်ဆိုတာကို သတိပြုရမယ်။ တချို့က ကလေးမွေးဖွားချိန် နာကျင်မှုကို စိတ်စွဲနေပြီး နာကျင်မှုခံစားရတတ်သလို ယောနိအနေအထားကလည်း ကြွက်သားတွေပြန်လည်သန်မာမှုမရှိသေးချိန်မှာ စတင်မိရင် နာကျင်မှုကို အထိတ်တလန့်ခံစားရတတ်ပါတယ်။ 

အကြမ်းဖျဥ်းအနေနဲ့ မီးဖွားပြီး ခြောက်ပတ်ခန့်အကြာမှာ လိင်မှုကိစ္စပြန်လည်စတင်လို့ရပြီဆိုပေမယ့်လည်း နှစ်ဦးစလုံးရဲ့ စိတ်ခံစားမှုအပေါ်လည်းမူတည်ပါတယ်။ အိမ်တစ်အိမ်မှာ လိင်မှုကိစ္စမရှိဘဲ ကာလရှည်နေထိုင်နေရတဲ့ စုံတွဲတစ်တွဲဟာ အခန်းဖော်တွေနဲ့တူလာတတ်ပြီး ရင်းနှီးနွေးထွေးမှုပျောက်ဆုံးလာတယ်ဆိုတဲ့ ခံစားချက်လည်းဖြစ်နေနိုင်ပါတယ်။ 

စိတ်မပူပါနဲ့ ဒါက သဘာဝပါ။ မနုဿဗေဒသဘောတရားအရ အချိန်တိုအတွင်း နောက်ထပ်ကိုယ်ဝန်ထပ်မရအောင် တားဆီးတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လို့ဆိုနိုင်ပါတယ်။ 

ပထမဆုံးပြန်လည်စတင်ချိန်က အရေးကြီး

ပထမဆုံးကလေးမီးဖွားတဲ့ စုံတွဲတွေမှာ လိင်ကိစ္စထက် ကလေးငယ်ကိစ္စတွေကို ပိုပြီးစိုးရိမ်ပူပန်နေတတ်ကြပါတယ်။ ဒီအခြေအနေက လိင်စိတ်ကိုထိခိုက်စေပါတယ်။ အမျိုးသမီးတွေဟာ ကလေးမီးဖွားပြီးကာစအခြေအနေမှာ ယောနိအနေအထားအပြောင်းအလဲရှိပါတယ်။ ဗိုက်ခွဲမွေးဖွားခဲ့သူတွေမှာတောင် ဒီအပြောင်းအလဲရှိတတ်ပြီး ဒီအပေါ်မှာလည်း စိုးရိမ်မှုတွေရှိကြပါတယ်။

ဒီတော့ တစ်ဦးနဲ့တစ်ဦးဖေးမကူညီဖို့လိုပါတယ်။ မေတ္တတရားပါဝင်တဲ့ ပွေ့ဖက်မှု၊ နမ်းရှုံ့မှုတွေနဲ့စတင်သင့်ပါတယ်။ ဒီအတွက် အချိန်ကာလနဲ့ စိုးရိမ်ပူပန်မှုတွေက သိပ်အရေးမပါတော့ပါဘူး။ ပြန်လည် စတင်ချိန်မှာ အပေါ်ကဖော်ပြခဲ့တဲ့စိုးရိမ်ပူပန်မှုနဲ့ အခက်အခဲတွေကို အတူကျော်ဖြတ်နိုင်ဖို့ အလိုအပ်ဆုံးက မေတ္တာတရားပါ။ 

အချိန်က အရေးပါသလား

ပထမဆုံး ပြန်လည်စတင်ချိန်က နေ့ဘက်ဖြစ်သင့်သလား? ညဘက်ဖြစ်သင့်သလား? ဒီမေးခွန်းအတွက် အဖြေကတော့ ကိုယ်တိုင်ပဲရှာဖွေရမှာပါ။ တချို့စုံတွဲတွေမှာ ညပိုင်း လိင်မှုကိစ္စစတင်ဖို့ထက် စာအုပ်တစ်အုပ်ဖတ်ဖို့တောင် ပင်ပန်းလွန်းနေတတ်ပါတယ်။ 

ကလေးငယ်ရဲ့အိပ်ပျော်နေချိန်က သီတင်းကျွတ်ပိတ်ရက်ရှည်လို့ခံစားချက်မျိုးဖြစ်တဲ့အထိ ပျော်ရွှင်ရပြီး လိင်ကိစ္စထက် ကိုယ်ပိုင်အချိန်အဖြစ် အသုံးပြုနေတတ်တာ ပိုများပါလိမ့်မယ်။ ဒါပေမယ့် နှစ်လလောက်အတွင်း ဒါက အသားကျသွားစေမှာပါ။ နှစ်ဦးသား ကိုယ့်အချိန်ကို စီမံခန့်ခွဲတတ်လာပြီး ပျော်ရွှင်မှုရှာဖွေဖို့အတွက် ဖန်တီးတတ်လာပါလိမ့်မယ်။ ဒါကြောင့် အချိန်ဆိုတာထက် ကိုယ့်စိတ်ခံစားချက်ကိုသာ ဦးစားပေးသင့်ပါတယ်။ 

Photo : Freepik

မျှော်လင့်ထားတာထက် ပိုတဲ့ ခံစားချက်

ကလေးမီးဖွားပြီးနောက်ပိုင်း လိင်ဆက်ဆံမှုက သင်မျှော်လင့်ထားတာပိုပြီး ပျော်ရွှင်ရသလို ခံစားချက်ပိုကောင်းစေပါတယ်။ ဘာကြောင့်လဲဆိုတော့ မီးဖွားခြင်းကခံစားရတဲ့ အမျိုးမျိုးသောစိတ်ပင်ပန်းမှုတွေကနေ ကင်းဝေးခွင့်ရပြီး လိင်အင်္ဂါတွေ ပြန်လည်ရှင်သန်ပြီး သန်မာလာစေတဲ့အတွက် အဆုံးစွန်သော ပျော်ရွှင်ခံစားမှုကို ရစေပါတယ်။ 

တကယ်တော့ ကလေးမွေးဖွားခြင်းက ခန္ဓာကိုယ်အတွင်းပိုင်းရဲ့လုပ်ဆောင်မှုတွေကို ထိလွယ်ရှလွယ်ဖြစ်စေခဲ့တာပါ။ လိင်ဆက်ဆံခြင်းက လုပ်ဆောင်မှုကို ပုံမှန်အတိုင်းပြန်လည် လည်ပတ်စေနိုင်တဲ့အတွက် စိတ်ခံစားမှုကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ရော စိတ်ခံစားချက်ပါ ပိုပြီး သက်သောင့်သက်သာရှိစေပါတယ်။ 

သောက်လေ သောက်လေ ငတ်မပြေ

မီးဖွားပြီးချိန် လိင်ဆက်ဆံမှုက ပင်လယ်ရေလိုပဲ သောက်လေ သောက်လေ ငတ်မပြေ ခံစားမှုကိုခံစားရစေတတ်ပါတယ်။ သင့်အနေနဲ့ ထပ်ပြီး တောင့်တမှုတွေရှိစေပါတယ်။ ဒါကို တချို့က စိတ်ဝေဒနာလို့ အမှတ်မှားပြီး ထိတ်လန့်တတ်ကြပါတယ်။ မစိုးရိမ်ပါနဲ့ ဒါကပုံမှန်အနေအထားပါ။

တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်းပြောဆိုညှိနှိုင်းပါ။ ကိုယ့်ရဲ့အခန်းကဏ္ဍအသစ်ကို ပြန်လည်စတင်ဖို့အတွက် အချိန်ယူတည်ဆောက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က