ကလေးများအတွက် ကမ္ဘာ့ပထမဆုံးနဲ့ တစ်ခုတည်းသော ငှက်ဖျားရောဂါကာကွယ်ဆေးကို ဆာဟာရအောက်ပိုင်း အာဖရိကနဲ့ အခြားဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၆ ရက်) မှာ ထောက်ခံချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ကလေးတွေအတွက် ငှက်ဖျားကာကွယ်ဆေးက သိပ္ပံပညာ၊ ကလေးသူငယ်ကျန်းမာရေးနဲ့ ငှက်ဖျားရောဂါထိန်းချုပ်ရေး အောင်မြင်မှုတစ်ခုပါ
ထိုဒေသတွေမှာ အသင့်အတင့်မှ မြင့်မားတဲ့နှုန်းနဲ့ ငှက်ဖျားရောဂါကူးစက်မှုတွေ ရှိနေပါတယ်။ ဂါနာ၊ ကင်ညာနဲ့ မာလာဝီနိုင်ငံတို့မှာ စမ်းသပ်နေဆဲ ကာကွယ်ဆေးအစီအစဥ်ရဲ့ ရလဒ်တွေပေါ် အခြေခံပြီး ထောက်ခံချက်ပေးခြင်းဖြစ်ကြောင်း WHO က ပြောပါတယ်။ ထိုကာကွယ်ဆေးစမ်းသပ်မှု အစီအစဥ်ကို ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ယခုအခါ ကလေးငယ် ၈၀၀,၀၀၀ ကျော်ကို ထိုးနှံစမ်းသပ်ထားပြီး ဖြစ်ပါတယ်။
(Photo: Cristina Aldehuela)
Mosquirix လို့လည်း သိထားကြတဲ့ RTS,S/AS01 ငှက်ဖျားကာကွယ်ဆေးဟာ ကုန်ကျစရိတ်သက်သာပြီး ဘေးကင်းစိတ်ချရကြောင်းနဲ့ သယ်ယူပို့ဆောင်ရလွယ်ကူကာ သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ ငှက်ဖျားရောဂါဖြစ်ပွားမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း WHO က သတင်းထုတ်ပြန်ပါတယ်။
"ဒါက သမိုင်းဝင်အခိုက်အတန့်ပါပဲ၊ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတဲ့ ကလေးတွေအတွက် ငှက်ဖျားကာကွယ်ဆေးက သိပ္ပံပညာ၊ ကလေးသူငယ်ကျန်းမာရေးနဲ့ ငှက်ဖျားရောဂါထိန်းချုပ်ရေး အောင်မြင်မှုတစ်ခုပါ" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သတင်းထုတ်ပြန်ရာမှာ ထည့်သွင်းပြောပါတယ်။
(Photo: CNN)
"ဒီကာကွယ်ဆေးကိုသုံးပြီး ကလေးငယ် ထောင်ပေါင်းများစွာကို နှစ်စဥ် အသက်ကယ်နိုင်မှာပါ" လို့လည်း WHO အကြီးအကဲက ဆိုပါတယ်။ WHO က ထောက်ခံအတည်ပြုလိုက်တဲ့ ကလေးတွေအတွက် ငှက်ဖျားကာကွယ်ဆေးဟာ အသက် ၅ လအရွယ်မှစပြီး ၄ ကြိမ်းထိုးရန် ဖြစ်ပါတယ်။ ငှက်ဖျားရောဂါဟာ Anopheles ခြင်အမများ အကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ပျံ့နှံ့ပါတယ်။
ဒီကာကွယ်ဆေးကိုသုံးပြီး ကလေးငယ် ထောင်ပေါင်းများစွာကို နှစ်စဥ် အသက်ကယ်နိုင်မှာပါ
ငှက်ဖျားကို ကာကွယ်နိုင်၊ ကုသနိုင်ပေမဲ့ ဆာဟာရအောက်ပိုင်း အာဖရိကမှာ ကလေးငယ်များ ဖျားနာ၊ သေဆုံးမှုရဲ့ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်နေခဲ့ပါတယ်။ ငှက်ဖျားရောဂါကြောင့် အာဖရိကမှာ နှစ်စဥ်အသက် ၅ နှစ်အောက် ကလေးငယ် ၂၆၀,၀၀၀ ကျော်ဟာ သေဆုံးနေခဲ့ကြောင်းလည်း WHO စာရင်းအချက်အလက်တွေအရ သိရှိရပါတယ်။
Ref: CNN, BBC