ကလေးမီးဖွားပြီး နို့တိုက်မိခင်တွေဟာ များသောအားဖြင့် သံဓာတ်ချို့တဲ့နေကြတာများပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ လွဲမှားတဲ့ ယူဆမှုတွေကြောင့် ခုလို သံဓာတ်ချို့တဲ့တဲ့ နို့တိုက်မိခင်တွေများပြားနေရခြင်းဖြစ်ပါတယ်။
ဒီနေ့တော့ နို့တိုက်မိခင်တွေ ဘာ့ကြောင့် သံဓာတ်ချို့တဲ့နေကြတာလဲဆိုတဲ့ အကြောင်းရင်းကို ပြောပြပေးချင်ပါတယ်။
လွဲမှားနေတဲ့ နေထိုင်စားသောက်မှုပုံစံ
နို့တိုက်မိခင်တွေဟာ နေထိုင်စားသောက်မှုပုံစံမှာ လိုအပ်ချက်ရှိတာကြောင့် သံဓာတ်ချို့တဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက မိသားစုအများစုမှာ ကလေးမီးဖွားပြီးခါစ နို့တိုက်မိခင်ကို ထမင်းအဖြူထည် ၊ ငါးကြော် ၊ ဟင်းခါးသာ စားခိုင်းကြတာမျိုးရှိပါတယ်။ ဒါဟာ အတော်ကြီးကို လွဲမှားနေတဲ့ အယူအဆဖြစ်ပါတယ်။ ဒီအယူအဆအလွဲကြီးကြောင့် နို့တိုက်မိခင်တွေမှာ ရသင့်တဲ့အာဟာရတွေ မရတော့ဘဲ အာဟာရချို့တဲ့ပြီး နို့ချိုတိုက်ကျွေးနေတဲ့ ကလေးကိုပါ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
အာဟာရပြည့်ဝစွာစားသောက်ပါ
မိခင်တွေအနေနဲ့ အဓိကအားဖြင့် အာဟာရပြည့်ဝအောင် စားသောက်ဖို့ လိုအပ်ပါတယ်။ အာဟာရဆိုတဲ့ နေရာမှာလည်း လူတော်တော်များများက ထမင်းကိုပဲ ဖိစားစေကြပါတယ်။ ထမင်းထက် ပိုလိုအပ်တာက သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေဖြစ်ပါတယ်။
- အနီရောင်အသားတွေ (ဆိတ်သား၊ အမဲသား၊ ဝက်သား)
- ပဲအမျိုးမျိုး
- အစိမ်းရင့်ရောင်အရွက်တွေ (ကန်စွန်းရွက် ၊ ဟင်းနုနွယ်ရွက်)
- သံဓာတ်အားဖြည့်ဆေးတွေ ဒါတွေကတော့ သံဓာတ်ကြွယ်ဝစေတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။
မိခင်နို့ဟာ အာဟာရကိုပဲ စစ်ထုတ်ယူတာပါ
နို့တိုက်မိခင်ဆိုတာ အာဟာရဓာတ်တွေကို ကလေးဆီရောက်ဖို့အတွက် နို့ချိုကနေ တစ်ဆင့် ပေးရတာဖြစ်ပါတယ်။ နို့တိုက်မိခင်တစ်ဦးက အာဟာရမပြည့်ဝဘူး၊ သံဓာတ် မပြည့်ဝဘူးဆိုရင် ရင်သွေးငယ်ကလေးမှာလည်း ဘယ်လိုမှ အာဟာရပြည့်ပြည့်ဝဝရနိုင်တော့မှာမဟုတ်ပါ။ နောက်ထပ်လွဲမှားတဲ့ အယူအဆဖြစ်တဲ့ နို့တိုက်မိခင် အစပ်စားရင် ကလေးဗိုက်နာမယ်ဆိုတာတွေလည်း တကယ်တော့ အယူအဆမှားသာဖြစ်ပါတယ်။ မိခင်က အစားစားလိုက်လို့ ကလေးကို သွားထိခိုက်တယ်ဆိုတာ မရှိပါ။ မိခင်စားလိုက်တဲ့ အစားအစာဟာ အစာအိမ်ထဲကိုပဲ ရောက်သွားတာဖြစ်ပါတယ်။ နို့ချိုနဲ့ မသက်ဆိုင်ပါ။ မိခင်နို့ဟာ မိခင်စားသမျှထဲက အာဟာရတွေကိုသာ စုပ်ယူ စစ်ထုတ်ပေးတာပါ။
ဘယ်လိုအစားအသောက်တွေရှောင်ကြဉ်ရမလဲ
နို့တိုက်မိခင်ဟာ ဘယ်လိုအစားအစာမျိုးမဆို စားသောက်နိုင်ပြီး အာဟာရစုံလင်ပြည့်ဝအောင် နေ့စဉ်စားသုံးပေးဖို့ လိုအပ်ပါတယ်။ ရှောင်ကြဉ်ရမယ့် အစားအသောက်တွေဟာဆိုရင်တော့
- အင်မတန် ချိုလွန်း
- အင်မတန် စပ်လွန်း
- အင်မတန် ချဉ်လွန်း
- အင်မတန် ငံလွန်းတဲ့ အစွန်းရောက်တဲ့ အစားအစာတွေကိုသာ ရှောင်ကြဉ်ဖို့ လိုပါတယ်။
မြန်မာနိုင်ငံက နို့တိုက်မိခင်တွေ အာဟာရချို့တဲ့ရခြင်း ၊ သံဓာတ်ချို့တဲ့ရခြင်း အကြောင်းရင်းကတော့ ခုလို လွဲမှားနေတဲ့အယူအဆတွေနဲ့ အစားအသောက်တွေကို ကန့်သတ်နေလို့ ဖြစ်ရခြင်းဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် အာဟာရဓာတ်နဲ့ သံဓာတ်ပြည့်ဝဖို့ ကိုယ့်ရဲ့ ရင်သွေးငယ်လေး အာဟာရပြည့်ဝပြီး ကျန်းကျန်းမာမာနဲ့ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့အတွက် အာဟာရပြည့်ပြည့်ဝဝလေး စားသောက်နေထိုင်ကြပါလို့ ထပ်လောင်းပြောကြားလိုက်ပါရစေ။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Health Talk အစီအစဉ်မှ ကျန်းမာရေးဆရာဝန် ဒေါက်တာမြတ်သီရိမောင်ရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။